ကိုယ်တွေ့ တိုက်ပွဲများ

(ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁)

ဆောင်းပါးရှင် – ဖထီး မန်းရောဘဇန်

အပိုင်း (၁)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဒီအပတ်မှာတော့ ပင်တိုင်ဆောင်း ပါးရှင် ဖထီး မန်းရောဘဇန် ဟာ
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ယွားဟေလူ စခန်းထိုင် အတွေ့အကြုံများအား ဆောင်းပါးအဖြစ် ရေးသား ပေးပို့လာရာ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ (Operation Promise Land) သစ္စာမြေ စစ်ဆင်ရေးကို စတင် အကောင်အထည်ဖော် ဆောင်ရွက် လာပုံ၊ အဆင့် (၃) ဆင့်ဖြစ်တဲ့ အခြေခံစခန်း ခိုင်မာရေး၊ လူထုစည်းရုံးရေးနဲ့ ပင်လယ်ပြင်စိုးမိုးရေး တို့ကို အဆင့်ဆင့် ဆောင်ရွက်နိုင်ခဲ့ပုံ၊ တပ်တွင်း စည်းလုံး ညီညွှတ်မှု မူ (၅) ချက်အား ဆောင်ရွက်နိုင်ခဲ့ပုံ၊ လူမျိုးမတူ ဘာသာမတူသော တိုင်းရင်းသားများ ဖြစ်ကြတဲ့ ကိုထိန်လင်း ဦးစီးသော (ABSDF) ကျောင်းသား တပ်မတော် (၂၀၃) တပ်ရင်းမှူး၊ ကျောင်းသားများနှင့်လည်းကောင်း၊ ဗိုလ်ခိုင်ရာဇာ ဦးစီးတဲ့ ရခိုင်အမျိုးသား တပ်မတော် နှင့် လည်းကောင်း၊ ဗိုလ်အဒူလာ ဦးစီးတဲ့ ကော်သူးလေ မွတ်စလင်လွတ်မြောက်ရေး တပ်ဖွဲ့နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီနှင့်လည်းကောင်း အသီးသီးအား စည်းရုံးရေး ဆောင်ရွက်နိုင်ခဲ့ပြီး စည်းလုံးခြင်းရဲ့ အင်အား တစ်ရပ်အား တည်ဆောက်နိုင်ခဲ့ပုံတို့ကို ရေးသားထားရာ များစွာ ဗဟုသုတ ရရှိစေပါတယ်။ ယခုလို ရေးသား ပေးပို့တဲ့အတွက် ဆောင်းပါးရှင် ဖထီး မန်းရောဘဇန် အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

(The enemy of my enemy is my friend)
(Saw Ba Oo Gyi)

(Operation Promise Land) (သစ္စာမြေ) စစ်ဆင်ရေးကို ကျနော်နှင့် ဗိုလ်မှူးကြီး စိုးစိုးတို့ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ၌ တပ်မဟာ (၆)၊ ဝေါ်လေအောက်စခန်းမှာ စတင် အကောင်အထည် ဖေါ်လာရာ၊ တချို့တဝက်ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ ထိုစစ်ဆင်ရေးကို အကောင်အထည်ဖေါ်ရာ၌ ချောမွေ့ပြေပြစ်စေရန်အတွက် နယ်မြေအခြေအနေ၊ ရန်သူ့ သတင်း၊ အင်အား၊ စခန်းထိုင်နှင့် စစ်ကြောင်းလှုပ်ရှားမှုများ စသည့် အခြေအနေများကို လေ့လာရန် လိုအပ်နေသေးသဖြင့် တပ်မှူး ဗိုလ်မှူး စိုးစိုး၏ တာဝန်ပေးချက်အရ မိမိနှင့် ချစ်ရဲဘော် ဘာဂျာမွတ် (ကျဆုံး) နှစ်ဦးတို့သည် မြိတ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ (မိုးတောင်) စခန်းရှိ ခရိုင်ဥက္ကဌ ဗိုလ်မှူးကြီး စောမာဗယ်လ် (ကွယ်လွန်) ကို သွားရောက် သတင်းပို့သည်။

(ရန်သူကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ မတိုက်နဲ့၊ ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်း သိအောင်အရင်လုပ်၊ ဒါမှ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရမယ်) ဆိုသည့် နည်းဗျူဟာအတိုင်း တစ်ရက်ခန့် ၄င်းထံမှ အထွေထွေရန်သူ့သတင်း၊ နယ်မြေအခြေ အနေများ မှတ်ယူပြီး နောက်တစ်နေ့ ခရီးထွက်ရန် ပြင်ဆင်သည်။

ဗမာ့တပ်မတော်မှ ရဲဘော်များနှင့်အတူ ဖထီးရဲ့ အမှတ်တရ ဓါတ်ပုံ

“ခင်ဗျားကို နယ်မြေကျွမ်းကျင်တဲ့ ဗိုလ်ဒါးကြီး (ထိုစဉ်က KNDO တပ်ရင်း (၇) တပ်ခွဲမှူး) ကို ထည့်ပေးလိုက်မယ်၊ ပစ္စတို တစ်ယောက်တစ်လက်နဲ့ M – ၇၂ တစ်လုံး စီ ပေးလိုက်မယ်”။

ခရီးထွက်ခါနီး ကျနော့်ကို ၄င်းပတ်ထားသော (Mido) နာရီဖြုတ်ပေးသည်၊ ထိုစဉ်က ကျနော့်မှာ နာရီမရှိပါ။ တန်ဘိုး ကြီးသော ထိုနာရီမျိုး ဝယ်အားမရှိပါ။ အောက်ခြေ ရဲဘော်များအပေါ် မေတ္တာ၊ စေတနာရှိသော ခေါင်းဆောင် တပ်မှူးကြီး အား လေးစားမိသည်။ ကျနော်တို့ ခရီးထွက်သောအခါ ဗိုလ်ဒါးကြီးနှင့် ရဲဘော် (၃) ယောက်၊ မိမိနှင့် ရဲဘော် ဘာဂျာမွတ် ပေါင်း (၆) ယောက် ဖြစ်သည်။

(နောင်းဘွာ) တောကြီးကို ဖြတ်သည်။ ညနေစောင်းတော့ (KNDO) စခန်းရောက်ပြီး ညအိပ်သည်။ နံနက်စောစောထ ထမင်းထုပ်ပြီး ခရီးထွက်၊ တစ်နေ့လုံးလမ်းလျှောက်၊၊ ရှမ်းရွာကြီးများကိုဖြတ်၊ တောင်တက်၊ နောက်တောင်ခြေတွင် အိပ်သည်။ နံနက် အစားအသောက် ပြင်ဆင်နေစဉ် တဲဘေး၌ ကျွဲ (၁၅) ကောင်နှင့် လယ်ထွန်နေသော အင်္ကျီ ဗလာနှင့်လူကို တွေ့သည်၊ မိုးတွေရွာနေသည်၊ မချမ်းဘူးလားမသိ။

“ဒီလူ မချမ်းဘူးလားဗျ၊ ဒီလောက်မိုးရွာနေတာ၊ အင်္ကျီလည်း မပါဘူး” ဟု မေးရာ၊
ဗိုလ်ဒါးကြီး မှ “ဘယ်ချမ်းမလဲဗျ၊ ဆေးစား ထားတာ”
“ဘာဆေးလဲဗျ”
“ဘိန်းစာရွက်” တဲ့။

ကျနော်တို့ ခေတ္တတည်းနေသော တဲနားတွင် ဘိန်းစာရွက် အပင်ရှိသည်၊ ခူးပြီးနန်းကြည့်တော့ စိမ်းရွှေရွှေ အနံ့ရသည်။ (ဘိန်းစာရွက်သည် အအေးခံနိုင်သည်၊ အမောခံနိုင်သည်) သို့သော် မူးယစ်ဆေး တစ်မျိုးဖြစ်သည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က တားမြစ်ထားသည်။ ခရီးထွက်လာရာ မဆုံးနိုင်သော (ပဝ) ရွာသို့ ရောက်သည်။ ထိုရွာတွင် ရဲဘော်များအား ထားခဲ့ပြီး နောက်နေ့၌ ဗိုလ်ဒါးကြီးနှင့် မိမိတို့နှစ်ဦးသာ (ဂျိုးတောင်) သို့ ခရီးဆက်ကြသည်။ (ဂျိုးတောင်) သို့သွားရာ လမ်းတလျှောက် မြစ်၊ ချောင်းများကို လှော်လှေများ၊ စက်လှေများဖြင့် သွားကြသည်။ ဒီရေတက်ရာအရပ် ဖြစ်သဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တပုံစံထဲ ဖြစ်သည်။ ကျနော်တို့ (၁၉၆၄) ခုနှစ် လက်နက်ကိုင် တော်လှန်ရေးဘောင်သို့ စတင်ခြေချသော (လပွတ္တာ) မြို့နယ်နှင့် အတော့ကိုတူသည်။ လမုလမက်၊ ကနစိုပင်များ၊ သင်ပေါင်းပင်များနှင့် အပြည့်။

ညနေစောင်းတော့ ကျနော်တို့နေရမည့်နေရာသို့ လူတစ်ဦး လိုက်ပို့သည်။ စောင်မပါ၊ ယူလာသော ပုခက်နှင့် အိပ်သည်။ ကိုက်လိုက်သည့်ခြင်။ ရေတက် ရေကျသောနေရာ ဖြစ်သဖြင့် မိုးလင်းတော့ တဲအောက်ခြေတစ်ခုလုံး ရေလွှမ်းနေသည်။ လူတစ်ယောက် ပေါင်လယ်လောက်ရှိနေသည့် ရေပေါ်တွင် (ဓနိ) ရည်အိုးများကို တဲသို့ ယူလာသည်။ ဗိုလ်ဒါးကြီးမှ မိတ်ဆက်ပေးသည် သူ့အမည် (ပယ်လယ်ဖိုး) တဲ့။ ထိုသူသည် ပင်လင်ပြင် အတော်ကျွမ်းသူ၊ ရဲရင့်သူတစ်ဦးဖြစ်သည်။ (ဓနိ) ရည်နှင့် ဧည့်ခံသည်။ အလွန်ချိုပြီး မူးယစ်လာသည်။ စကားပြောကောင်းသည်၊ သူ့ထံမှ မြိတ်ပင်လယ်ပြင် သတင်း စုံစုံလင်လင်ရသည်။

အပိုင်း (၂)

နောက်နေ့ (ဂျိုးတောင်) ရွာထဲသွားပြီး (ရွှေလှပိုင်) ဆိုသူနှင့် တွေ့သည်။ အလွန် ဖေါ်ရွေပါသည်။
သူ့ထံမှလည်း ရန်သူ့ သတင်း အတော်ရလိုက်သည်။ ကျနော်တို့ ထိုတဲ၌ နေစဉ်အတွင်း ရွာသားများလာကြသည်။ ချက်စားရန် ကြက်များ ယူလာ သည်။ သို့သော် စားဆီမရှိ၊ အုံးဆီနှင့် ချက်စားရသည်။ (စွန်ပဒတ်) သီး အမှည့်များ ယူလာသည်။ ပိန္နဲသီးနှင့် အတော့်ကို တူသည်၊ သို့သော် အရွယ်ငယ်သည်။ အလွန် ချိုမွှေးသည်။

မှတ်ချက်။ ။ ရွှေလှပိုင်သည် ပင်လယ် ဓါးပြဗိုလ်ဖြစ်သည်။ ဆင်းရဲသားများကို ဓါးပြမတိုက်၊ သူဌေးများကိုသာ တိုက်သည်။ တိုက်ရာပါများကို ဆင်းရဲသားများသို့ ဝေပေးကြောင်း နောင်မှ သိရသည်။ ပင်လယ် (ဓါးပြ) အဖွဲ့များ တနင်္သာရီကမ်း တလျှောက် များစွာရှိသည်။ အင်အားရှစ်ဆယ်မှ တစ်ရာအထိရှိပြီး ခေတ်မှီလက်နက်ကြီး၊ လက်နက်ငယ်များရှိသည်။ လိုအပ် သော သတင်းအချက်အလက် ရရှိပြီးဖြစ်သဖြင့် (မိုးတောင်) သို့ ပြန်တက်လာကြသည်။ (မိုးတောင်) ရောက်ပြီး (လပေါဝါး) (ငွေလိုင်းဖြူ) စစ်ဆင်ရေး စီမံချက်ရေးသားပြီး ဥက္ကဌကြီးကို တင်ပြသည်။

နောက်တစ်ရက်၊ နှစ်ရက်တွင် တပ်မဟာ (၆) (ဝေါ်လေ) မိမိစခန်းသို့ ပြန်ရောက်သည်။ တပ်မှူးထံသို့ ခရီးစဉ်နှင့် (လပေါဝါး) စစ်ဆင်ရေး စီမံချက်ကို ပြသည်။ (လပေါဝါး) စစ်ဆင်ရေးသည် (Promise land) စစ်ဆင်ရေးကြီး၏ ထောက်ပံ့ရေး စီမံချက် ဖြစ်သည်။ (ဝေါ်လေ) အောက်စခန်း၌ ရဲဘော်များနှင့် စည်ကားနေသည်။ ဘော်လီဘော ပုတ်သူပုတ်၊ ပိုက်ကျော်ခြင်း ခတ်သူခတ်၊ ငှက်ပျောပင်ခြေရင်းရှိ ပတ်လည်ထိုင်ခုံတွင် ဂီတာ တီးသူတီးနှင့် စိုပြေနေသည်၊ သာယာလှပနေသည်။ လာမည့် တစ်ရက်၊ နှစ်ရက် အတွင်း ခရီးရှည် ချီတက်ကြရတော့မည်။ ခရီးမထွက်မှီ (ဝေါ်လေ) စစ်ဆေးရုံမှ ဆေးသူနာပြု ဆရာမများနှင့် ချစ်ကျွမ်းဝင်နေကြသော ဗိုလ်တင့်လွင်နှင့် တပ်ကြပ်ကြီး ဂျိုးဖြူ (တပ်ထဲဝင် လာစဉ် လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မည့် ရဲဘော်အဖြစ် ရည်မှန်း၍ ငြိမ်းချမ်းရေး ဂျိုးဖြူအဖြစ် မှည့်ပေးလိုက်သော အမည် ဖြစ်သည်) တို့နှစ်ဦး မိမိထံလာရောက်၍ တပ်ပြင် ထွက်ခွင့်တောင်းသည်။ သူတို့နှစ်ယောက် မိမိထံလာပြီး ပြုံးစိပြုံးစိနှင့် -

“ကျနော်တို့ကို ဆေးရုံဘက် သွားခွင့်ပေးပါ”

“ငါသိပါတယ်၊ ခရီးထွက်ခါနီး မှာစရာရှိတာ မှာကြပေါ့ကွာ” ခွင့်ပေးလိုက်သည်။

အခြားရဲဘော်များလည်း အသီးသီး ခွင့်တောင်းကြသည်။ တပ်ပြင် ထွက်ခွင့်ကို စံနစ်တကျ လုပ်ထားသည်။ သတ်မှတ်ချိန် အမှီပြန်ရောက်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။ သတ်မှတ်ချိန်လွန်မှ ပြန်ရောက်လာသော ရဲဘော် လှထွန်းဦးနှင့် ရဲဘော် ငြိမ်းငြိမ်းတို့ နှစ်ဦးကို ခေါ်တွေ့သည်၊ အရက်အတော်မူးနေပုံ ပေါ်နေသည်၊ သတ်မှတ်ချိန် အမှီရောက်ရန် ပြေးလာကြသည်။

“မောလိုက်တာ သောက်ထားတဲ့အရက်တွေ ဘယ်ရောက်ကုန်မှန်းတောင်မသိတော့ဘူး” ဟု ပြောလာကြသည်။

သို့သော်သတ်မှတ်ချိန်မရောက်။ အချုပ်တို့၊ ကြိမ်ဒဏ်တို့ ပေးခဲ့ပြီးဖြစ်သည်။ ရဲဘော်တွေကို မနစ်နာစေချင်တဲ့ စေတနာလည်း ပါသည်။ (စည်းကမ်းမရှိတဲ့ လက်နက်ကိုင်တပ်ဟာ တပ်မတော် မဟုတ်ဘူး၊ ဓါးပြအဖွဲ့ဘဲ ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းရှိတဲ့ တပ်မတော် ဖြစ်ရေးကို ကြိုးစားလုပ်ဆောင်သည်။

“မင်းတို့သတ်မှတ်တဲ့ အချိန်လွန်သွားတယ်၊ ဒုတ်ယူမလား။ ဒါဏ်ယူမလား”

“ဒါဏ်ယူမယ်။”

“ကဲ၊ ဒါဆို ဟိုမှာထားတဲ့ နို့ဆီဗူးနှစ်ဗူးကို သွားယူလိုက်၊ ပြီးရင် အလံတိုင် အောက်မှာထားတဲ့ လေးထောင့်သံပုန်းထဲ ရေအပြည့်ထည့်” လို့ ညွှန်ကြားလိုက်သည်။

မှတ်ချက်။ နို့ဆီဘူးနှစ်ဘူးနှင့် လေးထောင့်သံပုံး ရေအပြည့်ဖြည့်ရန် မည်မျှကြာမည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။ ဒါဏ်ယူပါက ကြိမ်ဒါဏ်ဖြစ်သည်။ ကြခတ်ဝါး လက်မအရွယ်၊ နှစ်တောင်ခန့် ဖြတ်ထားသည်။ အနည်းဆုံး (၃) ချက်မှ (၅) ချက်အထိ အပစ်ပေးခံရမည် ဖြစ်သည်။ တပ်ဖွဲ့ရုံးသည် တောင်ကုန်းပေါ်တွင် ရှိသည်။ ချောင်းထဲကို (၇) မိနစ်ခန့် ဆင်း ရမည် ဖြစ်သည်။ နို့ဆီဘူး (၄) ဘူးနှင့် လေးထောင့်သံပုံးအပြည့် ဘယ်နှစ်ခေါက် တက်လိုက်ဆင်းလိုက် ရေအပြည့်ခပ် ရမည်ကို ခန့်မှန်းနိုင်ပါသည်။ ဘယ်ရဲဘော်က လက်သရမ်း ထားသည် မသိ၊ နို့ဆီဘူးများကို အပေါက်ကလေးများပင် ဖေါက်ထားသေးသည်။ ကျွန်တော်တို့ တပ်သစ်ကို တပ်ဟောင်းတွေက အင်အားဖြည့်ဖို့ သူတို့လူတွေ လွှတ်ရင် မကောင်းတဲ့လူတွေ လွှတ်တာများသည်။ မ တစ်ထောင်သားတွေ၊ အခြားတပ်က လက်မခံချင်သူတွေဆိုတော့ ဒီလောက်လေးတော့ ရှိနိုင်ပါသည်။

အပိုင်း (၃)

နံနက် (၅) နာရီထိုးသည်နှင့် ကရင်အမျိုးသားအလံတော် အလေးပြုခြင်းနှင့် သစ္စာ လေးချက် ဆိုကြသည် -

- ငါတို့သည် အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ပါမည်။
- ငါတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် တိုက်ပွဲဝင်ပါမည်။
- ငါတို့သည် ကျဆုံးလေပြီးသော အာဇာနည်များ အပေါ် သစ္စာရှိပါမည်။
- ငါ့အား အထက်မှ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်ပါမည်။
ဟု သစ္စာပြုပါသည် ဟူသော သစ္စာပြုသံသည် (ဝေါ်လေ) တစ်ရွာလုံးကို လွှမ်းခြုံသွားပါတော့သည်။

ခံစစ်ကုန်းတစ်ခုမှာ ဖထီးက ရဲဘော်များအား ခံစစ်ပြင်ဆင်မှု ညွှန်ကြားနေပုံ

တပ်ရေးဗိုလ်ကြီး စောစိုင်းမွန်သည် မိမိအား မိန့်ခွန်းခြွေရန် လာရောက်သတင်းပို့သဖြင့် တန်းစီထားပြီး သတိအနေအထား နှင့် ရှိနေသော ရဲဘော်များရှိရာသို့ သွားကာ -

“တပ်ဖွဲ့ သက်သာ၊ အေးစေ” အနေအထားနှင့် နေစေပြီး မိမိမှ စကား စပြောလိုက်သည်။

“ရဲဘော်တို့ – ငါတို့ မနက်ဖန် ခရီးထွက်တော့မယ်။ သွားရမဲ့ ခရီးက ဝေးတယ်။ တိတ်တိတ်ဆိတ်ဆိတ် ရှိဘို့ လိုတယ်။ သတ်မှတ်ထားတဲ့ ကားရပ်မဲ့ နေရာရောက်မှ အိမ်သာ တက်ရမယ်၊ စားရမဲ့နေရာရောက်မှ စားရ သောက်ရမယ်။ တို့တတွေ ဟာ ပျော်ပွဲစား ထွက်တာ မဟုတ်ဘူး၊ စစ်ဆင်ရေးကြီးတစ်ခုကို ဆင်နွှဲရမှာဖြစ်တယ်။ အသွားခြေရာဘဲ ရှိရင်ရှိမယ်။ ဘာဘဲ ဖြစ်ဖြစ်၊ စစ်ထဲဝင်ကတည်းက ရှင်သေမင်းကို သစ္စာနှံထားကြပြီး ဖြစ်တယ်။ အမျိုးသားအလံတော်ကို ကိုင်တွယ်သစ္စာ ဆို ထားပြီးလဲ ဖြစ်တယ်။ ဘယ်နေရာ၊ ဘယ်အချိန်ဘဲ သေသေ၊ ကြိုက်တဲ့အချိန် အမျိုးသား အတွက် အသေခံတိုက်ပွဲဝင်မယ်လို့ ငါတို့အားလုံး သစ္စာပြုထားတယ်၊ အဆန်းမဟုတ်ဘူး။ (Death Rather Than Slavery, Death Rather Than to be a coward) “ကျွန်ဖြစ်ရခြင်းထက် သေတာက မြတ်တယ်၊ သူရဲဘောကြောင်ခြင်းထက် သေတာက မြတ်တယ်” လို့ ငါတို့ ခံယူထားကြပြီး ဖြစ်တယ်။ ခု တန်းစီထားတဲ့ ရဲဘော်အားလုံး ငါနဲ့လိုက်မဲ့ ရဲဘော်တွေ မဟုတ်လား။”

“ဟုတ်တယ်” ဟူသော အဖြေ တစ်ကွင်းလုံး ဆူညံသွားသည်။

လိုက်မဲ့ ရဲဘော်စာရင်းကို တပ်ရေးဗိုလ်ကြီးက ဖတ်ပြသည် – မန်းရာဘတ်ဇန်၊ စောစိုင်းမွန်၊ စောတင့်လွင်၊ စောထူးထူး၊ မန်းငြိမ်းငြိမ်း၊ စောကော်လာ၊ စောထဲနစင် (KNU/KNLA)၊ စောကေး ဒိုစေး၊ စောသောထူး၊ (ယွားဟေလူတိုက်ပွဲ၌ ကျဆုံး)၊ စောထီဘလု၊ စောဖိုးသာထူး (ယွားဟေလူတိုက်ပွဲ၌ ကျဆုံး)၊ မန်းထွန်းမြင့်၊ မန်းကြာကြေး၊ မန်းအောင်ထွန်း၊ မန်းနန်းအောင်၊ မန်းအေးသောင်း (DKBA)၊ မန်းကတုံး (ဇဒိန်၊ လေညှာတိုက်ပွဲ၌ ကျဆုံး)၊၊ မန်းရွှေမန်းစိန်၊ မန်းချစ်ဝင်း၊ စောမော်ကွီး၊ မန်းဂျိုးဖြူ၊ မန်းတင်ထွန်း (ဇဒိန်၊ လေညာတိုက်ပွဲ၌ ကျဆုံး)၊ မန်းဝင်းဘို၊ မန်းဒေးဗစ်၊ ကိုကျော်စွာ (ဆုံး) စောသန်းဝင်း (စောကုလား)။ မန်းမောင်အေး၊ စောပန်းဝေ၊ မန်းကြည်မြင့်၊ မန်းကြည်အေး၊ မန်းသောင်းစိန်၊ မန်းသာဓု၊ မိုဟာမက် ငမဲ (ကျော်ဆန်း)၊ စောဝင်းနေထူး၊ စောကော်နေထူး၊ စလိုင်းနေဦး၊ မန်းလဘို၊ စောဆာဒူးဒူ၊ မန်းစောငယ် (ဆုံး)၊ မန်းလှမြင့် (ဆုံး)၊မန်းမြင့်လှိုင်၊ မန်းကျော် ဇေယျ၊ မန်းကျော်မိုးနိုင်၊ မန်းအဖု၊ မန်းအယိုင့် (DKBA) မန်းရွှေလာ၊ မန်းမောင်ပိန်၊ စောသက်ဇော်၊ စောခင်မောင်ထွန်း၊ မန်းကျော်ကျော်နှင့် စောလားဟေးတို့ ဖြစ်ကြောင်း ဖတ်ပြသည်။ စုစုပေါင်းရဲဘော် (၅) ကျိပ် ဖြစ်သည်။

တပ်ရေးဗိုလ်ကြီး စောစိုင်းမွန်က အင်အားစာရင်း ဖတ်ကြားပြီးနောက် မိမိမှ မိန့်ခွန်း ဆက်ပြောသည်။ “ရဲဘော်တို့ – စစ်ထွက်ပြီဆိုရင် ချစ်ဦးသူတွေကို ခွဲခွာရမယ်။ အိမ်သူ သက်ထား ချစ်ဇနီးမယားတွေ၊ သားသမီးတွေကို ရက်ရှည်လများ ခွဲခွာရမယ်၊ ဒါဟာ ကမ္ဘာ့စစ်သမိုင်း အစကတည်းက ဖြစ်ရှိခဲ့တဲ့ တရားတွေဖြစ်တယ်။ ငါကတော့ ရှေ့တန်း ထွက်ပြီဆိုတာနဲ့ အားလုံးကို မေ့ထားလိုက်တယ်၊ ဘာသံယောဇဉ်မှ မထားဘူး၊ ငါတစ်ယောက်ထဲရှိတယ်လို့ ခံယူလိုက်တယ်။ ဒီလိုမှမဟုတ်ရင် ငါလည်း လူတစ်ယောက်ဘဲကွ၊ မိသားစုကို သတိရတာတို့ လွမ်းတာတို့ ဖြစ်တယ်။ ဒါကြောင့် အားလုံး မေ့ထားလိုက်၊ ပြန်တွေ့ကြမှဘဲ တဝကြီး ချစ်ပေါ့ ဟုတ်လား” ဟု မိန့်ကြားပြီး တပ်ရေးဗိုလ်ကြီး စောစိုင်းမွန်ကို ဆက်လုပ်ရန် ညွှန်ကြားလိုက်သည်။

နောက်နေ့ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၉၈၉ ခုနှစ် ခရီးစထွက်သည်၊ တစ်နေ့လုံး ကားစီးသည်၊ တစ်ညလုံး ကားစီးပြီး ညသန်းခေါင်ကျော်မှ (မိုးတောင်) ရောက်တော့သည်။ (Sweet December) ဟု ပြိုင်တူ ထောပနာပြုသံ ကြားနေရသည်။

“သြော် ဒီဇင်ဘာလတောင် ရောက်တော့မှာလား။”

ကျန်ခဲ့တဲ့ ဇနီးနဲ့သား၊ သမီးလေးတွေ (Sweet December) ည ဘုရားဝတ်ပြုကြတော့မည်ကို မြင်ယောင်လာသည်။

အပိုင်း (၄)

(မိုးတောင်) ရောက်ပြီး တပ်တွေကို နေရာချသည်။ ထိုစဉ်က မြိတ် – ထားဝယ်ခရိုင်၌ တပ်ရင်း (၁ဝ) အဆင့်သာ ရှိသေး သည်၊ (မိုးတောင်) တွင် တပ်ခွဲတစ်ခွဲထားသည်။ (မိုးတောင်) တာဝန်ခံမှာ ဗိုလ်မှူးဟန်ကြည် ဖြစ်သည်။

မှတ်ချက်။

တပ်ရင်း(၁ဝ) မှ (NDF) အပါတ်စဉ် (၁) မိမိနှင့် ဗိုလ်သင်တန်း အတူတက်ရောက်ခဲ့သူများမှာ မိမိမှတ်မိသလောက်။ ဗိုလ် မူကယ်၊ ဗိုလ်ကောကရ၊ ဗိုလ်လွမ်းထူးမြတ်၊ ဗိုလ်ထွန်းထွန်း၊ ဗိုလ်တာအယ်မူး၊ ဗိုလ်အောင်နိုင် တို့ဖြစ်သည်။

မိမိတို့ (မိုးတောင်) ရောက်စဉ် မိမိနှင့် အပတ်စဉ်တစ်ခုထဲမှ ဗိုလ်ကောကရနှင့် ပြန်တွေ့သည်။ နယ်မြေအခြေအနေ၊ ရန်သူ့ အခြေအနေကို မေးသည်။ ထားဝယ်မြို့၌ ခလရ (၂၅) တစ်ရင်းသာ ရှိသည်၊ နောင်းဘွာတောကြီးသည် ဆူးခြုံတွေ ထူထပ် သည်၊ ကျယ်သည်၊ ရန်သူစထွက်ကတည်းက ပြောက်ကျားဆက်တိုက်ပစ်နေရင် တော်တော်နှင့် (မိုးတောင်) မရောက်နိုင်။ (KNDO) တွေ တပ်ချထားသည့် နေရာကလည်း စိုးမိုးကုန်း ဖြစ်နေသည်။ မြေပြင်အနေအထားအရ စစ်တိုက်လို့ကောင်းသည် ဟု မှတ်ယူထားသည်။

နောက်နေ့ (၈၈) ပြည်သူ့တော်လှန်ရေး ရဲဘော်များရှိရာ စခန်းကို သွားလည်သည်။ နှစ်ရာခန့် ရှိမည်။ လူငယ်၊ လူရွယ်၊ ရဲဘော်၊ ရဲမေတွေ ဖြစ်သည်။ တော်လှန်ရေး စစ်အတွေ့ အကြုံ နုနယ်သေးသူများ ဖြစ်သည်။ သို့သော် ပြည်သူ့တော်လှန်ရေး စိတ်ဓါတ်ကတော့ တောင်ထိပ်မှာ ရှိနေသည်။ ထိုရဲဘော်များအနက် ကျောင်းသား တပ်မတော် (ABSDF) တပ်ရင်း (၂ဝ၃) တပ်ရင်းမှူး ဖြစ်လာမည့် ကိုထိန်လင်းနှင့် တွေ့သည်။ ဘိတ်သံဝဲဝဲနှင့် သူစကားပြောသံမှာ နားထောင်လို့ကောင်းနေသည်။

“ခင်ဗျားတို့ အဖွဲ့မှာ သေနတ်ဘယ်လောက်ရှိလဲ”

“ရိုင်ဖယ် သုံးလက်”

“နည်းတာပေါ့၊ ကျနော့်မှာ (ဝမ်းခါ) တိုက်ပွဲက ရထားတဲ့ သေနတ်အပို (၁၅) လက်ရှိတယ်။ စစ်တိုက်ချင်တဲ့ ရဲဘော် (၁၅) ယောက် ကျနော်နဲ့အတူ လိုက်လို့ရတယ်။ သဘောတူရင် မနက်ဖန် ကျနော်ဆီလာခဲ့” ဟု ပြောပြီး မိမိအခြေပြုရာသို့ ပြန်လာသည်။

နောက်နေ့ ဗိုလ်ထိန်လင်း အပါအဝင် ရဲဘော် (၁၅)ယောက် ကျနော့်ထံ ရောက်လာသည်။ မိမိရဲဘော်များနှင့်အတူ ထားပြီး အမျိုးသား လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်မည့် မိမိရဲဘော်များအဖြစ် သဘောထားလိုက်သည်။ မိမိတို့အခြေပြုထားသော နေရာ၏ အရှေ့တွင် ဘောလုံးကွင်းရှိသည်၊ ရဲဘော်များ၏ ကြံ့ခိုင်ရေးနှင့် သက်လုံ ကောင်းမွန်ရေး အတွက် ဘောလုံးကွင်းပတ်၍ အနည်းဆုံး (၁ဝ) ပတ် ပြေးခိုင်းသည်။ မိမိလည်း ဝင်ပြေးသည်။ ပြေးနေစဉ် ခြေလှမ်းညီရန် အတွက် -

“ကတီ ၊်နီာ်ဂံ ၊် တ၊၊ ခံ သ၊၊ လွံ ၊် တ၊၊ ခံ သ၊၊ လွံ ၊် ဒုးဆူ ၊်ဆူ ၊် တ ၊်မ၊န၊၊ မ့ ၊် ပတ ၊် ဒုးဆူ ၊် ဆူ ၊် တ ၊်မ၊ န၊၊ မ့ ၊် ပတ ၊်”
ဟု ကရင်ရဲဘော်များ အော်နေသလို ကျောင်းသားရဲဘော်များ လိုက်အော်ကြသည်။ သူတို့ ဘယ်လိုကြားသလဲ မသိ၊ ၄င်းတို့အော်သံမှာ -

“အီဇူးဇူး၊ တပ်မနှစ်၊ ဘေးဖယ်ထား” ဟူ၍ ဖြစ်သည်။ အမှန်မှာ “များများတိုက်၊ အောင်ပွဲဟာ တို့အတွက်” ဟူ၍ ဖြစ်သည်။

မိမိတို့ ချီတက်ရမည့် ရည်မှန်းချက် မရောက်သေး၊ (မိုးတောင်) သည် ခရီးတဝက်သာ ရောက်သေးသည်။ မကြာမီ မိမိနှင့် ဒေသခံ (၃) ယောက် (ရွားဟေလူ) သို့ ချီတက် ကြသည်။ (မိုးတောင်) သည် တဘက်နိုင်ငံ (ပရာကျွပ်ကီရီခံ) မြို့နှင့် နီးပြီး (ယွားဟေလူ) သည် တဘက်နိုင်ငံ (ချွုံဖုန်း) မြို့နှင့် နီးသည်။ (ဘုတ်ပြင်း) မြို့၏ အရှေ့ဘက်နှင့် (မာရမ်း) ၏ မြောက်ဘက်တွင် ရှိသည်။ နယ်ခြားသစ်လုပ်ငန်း ဂိတ်လေး ဖြစ်သည်။ ထိုဂိတ်ကို ဗိုလ်ကြီးလှစိုး (ကျဆုံး) မှ (ယွားဟေလူ) ဟု အမည် ပေးထားသည်။ (ယွားဟေလူ) ၏ စကော ကရင် အဓိပ္ပါယ်မှာ (ဘုရားပေးသောကုန်း) ဟူ၍ဖြစ်သည်။ ထိုကုန်းနှင့် မနီးမဝေးတွင် ပွိုင့် (၄၉၁) တောင်ကုန်းရှိသည်။

ဗမာ့တပ်မတော် ကမ်းရိုးတန်းတိုင်း တပ်များ မသိသူရှားသည်။ (ယွားဟေလူ) ဒေသတခုလုံး မုန်တိုင်းကြီး မွှေခဲ့ဖူးသဖြင့် သစ်ပင်ကြီးများ အမြစ်ကျွတ်ထွက်ကုန်သည်၊ သစ်ပင်ကြီး များ အောက်တွင် အသစ် ထွက်လာသော အပင်များဖြင့် ပြည့်ကြပ်နေသည်။ ခြုံပုတ်၊ နွယ်ပင်များကို တိုးလို့မပေါက်၊ သွားလာရန်ခက်ခဲသည်။ သစ်ကိုင်းပေါ်ကျော်ကာ တစ်နေရာမှ တစ်နေရာ သွားရသည်။ တောကောင်များ တစ်ကောင်တလေမှ မတွေ့၊ ဖါးအော်သံမှတပါး၊ မြောက်ကြိုးခွေ သံများလဲ မကြားရ။ အစားဆင်းရဲ၊ အနေဆင်းရဲမည့် နေရာဖြစ်သည်။ ပေါများတာတော့ ရှိသည်။ အခြားမဟုတ်။ နေ့နေ့ ညည တပ်တော်ကြီးနှင့် ချီတက်လာပြီး သွေးလာစုပ်ကြသော ခြင်အုပ်ကြီး ရှိသည်။

အပိုင်း (၅)

မိမိစဉ်းစားမိသည်။ သမ္မာကျမ်းစာထဲမှ (Promise Land) သည် (ပျားရည်နှင့် နွားနို့) စီးဆင်းရာ အရပ်ဖြစ်သည်ဟု
ကြားဖူးသည်၊ ယခုရောက်ရာ အရပ်သည် သွားလာရန် ခက်ခဲသောတောင်ကုန်းနှင့် မိနစ် (၃ဝ) ခန့် ရေဆင်းခပ်၊ ရေဆင်းချိုးရမည့် နေရာ ဖြစ်သည်။ မတတ်နိုင်၊ အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ရမည်၊ ရှေ့မှာရှိတဲ့ ဆူးညှောင့်ခလုတ် မှန်သမျှ ရှင်းထုတ်နိုင် ရမည်ဟု မိမိတို့ ထွက်မလာမှီ ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများကို လေ့လာ သိရှိပြီး (မိုးတောင်) သို့ ပြန်လာ သည်။ မိမိရဲဘော်များကို ပြန်ခေါ်ရန် စီစဉ်သည်။

(ယွားဟေလူ) သို့ မိမိတို့အားလုံး ချောချောမောမော ရောက်သွားပါပြီ။ ကြိုတင် ကြည့်ရှုထားပြီးဖြစ်၍ တပ်ဖွဲ့ ရုံးစိုက်မည့် နေရာ၊ ဗိုလ်ထိန်လင်းဦးစီး ကျောင်းသားတပ်ဖွဲ့နေရာ၊ နယ်စပ်ဂိတ်နေရာ၊ သင်တန်းကွင်းနေရာ၊ ဆေးရုံ၊ ရိက္ခာရုံ စသည့် စီစဉ်ထားသော နေရာများသို့ သက်ဆိုင်ရာဌာန တာဝန်ခံများကို ပြောပြသည်။ ရေရှိသော နေရာ၌ မြေပြန့်ရှိ သဖြင့် ဆေးရုံ၊ ရိက္ခာရုံ ထားမည်ဖြစ်သည်။ ဆေးအဖွဲ့၊ ရိက္ခာအဖွဲ့များက သတ်မှတ်ပေးသော နေရာကို ခုတ်ထွင်ရှင်းရန် ဖြစ်သည်။

နယ်ခြားဂိတ်နေရာ၌ ဗိုလ်စိုင်းမွန်တို့အဖွဲ့ကို ထားပြီး မိမိနှင့် ရုံးအဖွဲ့သည် စိုးမိုးကုန်း (ကီးဒို) ကုန်း၌ နေရာချမည် ဖြစ်သည်။ နောက်နေ့တွင် သက်ဆိုင်ရာ ဌာနတာဝန်ခံများနှင့် ရဲဘော်များ သတ်မှတ်ထားသည့် နေရာသို့ နေရာရှင်းရန် လှုပ်ရှားကြ တော့သည်။ မိမိသည် နံနက်စာစားပြီး (ကီးဒို) ကုန်းသို့ ဗိုလ်တင့်လွင်နှင့် တပ်စိတ်တစိတ်ခေါ်ပြီး နေရာ သွားရှင်းတော့သည်။ နယ်ခြားဂိတ်မှ တောင်ကြောအတိုင်း တက်ရမည်ဖြစ်သည်၊ လမ်းမရှိ၊ လဲနေသော သစ်ပင်ကြီးများပေါ် ခက်ခက်ခဲခဲ တက် သွားရသည်၊ ပုံမှန် နာရီဝက်ခရီးကို နှစ်နာရီခန့် တက်ရသည်။ လမ်းတလျောက် တချို့အပင်များ၏ အရွက်သည် လက်ကို ထိမိပါက (ဘောက်ဖတ်) ထိသလို ယားယံနာကျင်လာသည်။ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေ ရသည်။

တစ်ပါတ်ခန့်အကြာ တပ်ရင်း (၁ဝ) မှ ပြန်တမ်းတစ်ခု ရောက်လာသည်။ မိမိတို့အဖွဲ့အား စစ်ကြောင်း (၃) ဟု သတ်မှတ် လိုက်သည်။ မိမိတို့ အုပ်ချုပ်မှုအောက်တွင် ဗိုလ်ခိုင်ရာဇာ (အိန္ဒိယ ကျွန်းတစ်ကျွန်းတွင် ကရင်၊ ရခိုင်တပ်မှူးတချို့နှင့် ရက်စက်စွာ အသတ်ခံလိုက်ရသူ) ဦးစီးသော ရခိုင်အမျိုးသားအဖွဲ့၊ ဗိုလ်အဒူလာ ဦးစီးသော ကော်သူးလေ မွတ်စလင် လွတ် မြောက်ရေးတပ်ဖွဲ့ ရှိသည်။ စစ်ကြောင်း (၃) အဆင်ပြေချောမွေ့စေရေးအတွက် ရခိုင်နှင့် မွတ်စလင်အဖွဲ့များကို စစ် ကြောင်းရုံးသို့ ပြန်လာရန် ညွှန်ကြားလိုက်သည်။ လူစုံ ရောက်လာပြီဖြစ်၍ စည်းဝေးပွဲပြုလုပ်သည်။ အချက် (၃) ချက် ချမှတ် လိုက်သည် -

- ပထမအချက်၊ အဆင့်(၁)၊ (အခြေခံစခန်းခိုင်မာရေး)၊
- ဒုတိယအချက်၊ အဆင့်(၂)၊ (လူထုစည်းရုံးရေး)နှင့်
- တတိယအချက်၊ အဆင့်(၃)၊ (ပင်လယ်ပြင်စိုးမိုးရေး) တို့ဖြစ်သည်။

နယ်မြေအခြေအနေနှင့် ပါတ်သက်ပြီး -

“ဘုတ်ပြင်းမှာ ခလရ (၂၂၄) ရှိတယ်၊ ကော့သောင်မှာ တစ်ခွဲ၊ (မာရမ်း) မှာ တစ်ခွဲရှိတယ်။ စခန်းရဲ့တောင်ဘက်မှာ (ဗိုလ်သွေး) ဦးစီးတဲ့ (ဒညတ) အဖွဲ့တို့ရဲ့ မြောက်ဘက်မှာ (ဗဂုံမာန်) ဦးစီးတဲ့ မွန်အဖွဲ့၊ မွန်အဖွဲ့နဲ့ ကျနော်တို့ကြားမှာ (ရတနာပုံ) မိုင်းရှိတယ်၊ ရန်သူရှိတယ်၊ (ကရသူရိ) ဂွင်မှာလှုပ်ရှားနေတဲ့ (ဓါးပြ) အဖွဲ့ရှိတယ်။ လူနဲ့ လက်နက် အင်အားတွေ မသိသေးဘူး၊ ဒီအဖွဲ့တွေ ရန်သူကိုသာ ဆန့်ကျင်ရင် ငါတို့ မဟာမိတ် ဖွဲ့ရမယ်။”

“(The enemy of my enemy is my friend) ဆိုတဲ့ (ဒဿန) ကို အကောင်အထည် ဖေါ်ရမယ်။ ယာယီဘဲဖြစ်ဖြစ်၊ အမြဲတန်းဘဲဖြစ်ဖြစ် ဖွဲ့ရမယ်၊ ရန်သူ မများလာအောင် လုပ်ရမယ်၊ နဝတ (နအဖ မဖြစ်မှီ) ကိုဦးတည်တိုက်ဘို့၊ ရန်သူတစ်ဦးထဲ ထားဘို့ဖြစ်တယ်။”

“လူထုစည်းရုံးရေးနဲ့ ပတ်သက်လို့ (နာကဖရောင်) (ဇဒိန်) စတဲ့ ကရင်ရွာတွေ၊ (လေညှာ) စတဲ့ (ပသျှူး – ဘိတ်) ရွာတွေဟာ စခန်းနဲ့ (၃) ရက်လောက် သွားရတယ်။ ဒါပေမဲ့ စခန်းရဲ့ အရှေ့ချမ်းမှာ (ထိုင်း) ရွာတွေရှိတယ်။ (လူထု) စည်းရုံးရေးဆိုရင် ဘယ်လူထုဘဲဖြစ်ဖြစ် စည်းရုံးရမယ်၊”

“လူထုဆိုရင် ဘယ်လူမျိုးဘဲဖြစ်ဖြစ် အလုပ်အကျွေးပြုရမယ်၊ စည်းရုံးရမယ်”

“စည်းရုံးရေးလုပ်တာ လေသွားကန်တာ မဟုတ်ဘူး၊ အလုပ်အကျွေးသွားပြုတာ၊ ဇိမ်နဲ့ ထိုင်ပြီး လူထုကို ခိုင်းစားတာ မဟုတ်ဘူး၊ လူထုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာ ဖြစ်တယ်။ လူထုပြသနာကို ကူညီဖြေရှင်းပေးတာ၊ လူထုအခက်အခဲကို ကူညီတာ ဖြစ်တယ်။”

“ပင်လယ်ပြင်စိုးမိုးရေးကို တတိယအဆင့်မှာ ထားတယ်၊ (ကော့သောင်း) က ဘိတ်ကျွန်းစု တွေအထိ ဘာစီးပွားရေးတွေရှိတယ်၊ ငါးဖမ်းလှေ (ကြီး၊ လတ်၊ ငယ်) ဘယ်လောက် ရှိတယ်၊ ပုလဲ – ငှက်သိုက်လုပ်ငန်းတွေ ဘာတွေရှိတယ်ဆိုတာ ဒီမလာခင်ကတည်းက လာစုံစမ်းထားပြီးဖြစ်တယ်။ အဓိကအချက်ဟာ ရန်သူကို ချေမှုန်းနိုင်ဘို့ မိမိကိုယ်ကို ခိုင်မာ တောင့်တင်းအောင် တည်ဆောက်ရမယ်။ ဒီစခန်းဟာ ဒို့ရဲ့အခြေခံစခန်းဘဲ။”

“ဒီစခန်းခိုင်မာဘို့ စည်းဝိုင်း (Circle) (၃) ခုထားတယ်။

- အတွင်းစည်း၊ ပထမစည်းဝိုင်းဟာ ဒီစခန်းဖြစ်တယ်၊
- အလယ်စည်း၊ ဒုတိယစည်းဝိုင်းဟာ (ပလာအော) ချောင်းအထိဖြစ်ပြီး၊
- အပြင်စည်း၊ တတိယစည်းဝိုင်းကတော့ (ဘုတ်ပြင်း) နားအထိ ဖြစ်တယ်။

အဆင့် (၁) အနေနဲ့ အတွင်းစည်းကို အရင်လုပ်မယ်။
ဗိုလ်သွေးရဲ့ (ဒညတ) အဖွဲ့ကို အရင်စည်းရုံးမယ်၊ နောက် မွန်အဖွဲ့၊ ပြီးရင် (ကရသူရိ) က (ဓါးပြ) အဖွဲ့ကို မိတ်ဆွေမဖြစ်တောင် ဒို့ကိုမတိုက်ဘို့၊ မဆန့်ကျင်ဘို့ (ကြားထား) လုပ် ရမယ်။”

“အတွင်းစည်း စီမံချက်ကတော့ အခိုင်အမာစခန်းဟာ (ကီးဒို) ကုန်းဖြစ်တယ်၊ သူ့ရဲ့ အောက်နားက တောင်ကြောကို အရံအဖြစ်ထားမယ်။ ပွိုင့် (၄၉၁) ကုန်းကို မေ့ထားလို့ မရဘူး၊ အားလုံးကို စိုးမိုးထားတယ်။ ခက်တာက ဒီကုန်းဟာ အမှန်မှာ နယ်ခြား သတ်မှတ်ရာမှာ ရေဝေကုန်းတန်းအတိုင်း နယ်ခြားသတ်မှတ်ရမယ်၊ ခုတော့ကွာ တောင်ထိပ် မရောက်ခင် ဘေးကပါတ်ပြီး ဆွဲသွားတယ်၊ ဒီတော့ စိုးမိုးကုန်းဟာ တဘက်နိုင်ငံဘက်ခြမ်းမှာ ရှိနေတယ်။ တိုက်ပွဲဖြစ်ရင် ရန်သူဟာ ဒီကုန်းကို အရယူမှာ ဖြစ်တယ်။ အဲဒီကနေ တို့ကို ဦးနှိမ် ပစ်ထားရင် တို့ခေါင်းဖေါ်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီနေရာကို အရယူထားရမယ်”

“ဒီစီမံချက်တွေအတိုင်း ငါတို့တပ်ဖွဲ့က အတွင်းစည်းခိုင်မာရေးကို လုပ်မယ်။”
ဗိုလ်ရာဇာနဲ့ ဗိုလ်အဒူလာတို့အဖွဲ့ကတော့ ရှေ့တန်းပြန်ထွက်ပြီး (နာကဖရောင်၊ ဇဒိန်နဲ့ လေညာ) ဘက်မှာ ပြန်လှုပ်ရှားကာ လူထုစည်းရုံးရေးနဲ့ ရန်သူ့လှုပ်ရှားမှုတွေကို စောင့် ကြည့်ရန်၊ ပိုင်ရင်တိုက်ရန် လမ်းညွှန်ချက်များ ချမှတ်ပြီး အစည်းအဝေး ရုပ်သိမ်းလိုက်သည်။

အပိုင်း (၆)

စီမံချက်အဆင့် (၁) ဖြစ်သည့် (ကီးဒို) ခံစစ်ကုန်း ခိုင်မာရေးကို စတင်လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။ (ကီးဒို) ခံစစ်ကုန်းထိပ်ရှိ ခြုံနွယ်၊ မြက်ပေါင်းများ၊ သစ်ပင် များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့၊ ဝါးခုတ်ရန် ဗိုလ်နောင်နောင် နှင့်အဖွဲ့၊ အိမ်ဆောက်ဖို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ (ကီးဒို) ခံစစ်ကုန်းပတ်လည် ကတုတ် ကျင်းတူးးရန် ဗိုလ်ကော် လာနှင့်အဖွဲ့တို့ကို အသီးသီး တာဝန်ပေးအပ်လိုက်သည်။ (၇) ရက် တစ်ပါတ် အတွင်း အပြီးလုပ်ကိုင်ကြရမည်။ စီမံချက် အတိုင်း ရဲဘော်များ တက်ညီ လက်ညီ လုပ်ကိုင်နေကြပါသည်။

(The enemy of my enemy is my friend) ဆိုသည့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ လမ်းညွန်ချက်အတိုင်း လုပ်ဆောင် ရန် မိမိတို့ တောင်ဘက်ပိုင်းရှိ (ဒညတ) ဗိုလ်သွေး၏ အဖွဲ့ကို စည်းရုံးဖို့ ပြင်ဆင်သည်။ လူအင်အား၊ လက်နက်အင်အား တို့ကို လေ့လာသည်။ တစ်ပါတ်အတွင်း ဗိုလ်သွေးတို့၏ အခြေအနေစုံကို သိရှိသည်။

မှတ်ချက်။
ဗိုလ်သွေးသည် ဒေါက်တာ မန်းမြင့်ဆိုင်၏ ညီအစ်ကိုဝမ်းကွဲ တော်သည်။ တပ်ရင်း (၁ဝ) မှ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေး ခြင်းအား ခံရစဉ် အညှင်းခံထားရသဖြင့် (KNU) ကို စိတ်နာ နေသူဖြစ်ကြောင်း သိရသည်။

လူအင်အား (၃ဝ) ခန့်ရှိပြီး လက်နက် လေးငါးခြောက်လက်ခန့်သာ ရှိသည်ဟု သိရှိရသည်။ ဗိုလ်သွေးနှင့် တွေ့ရန်အတွက် ဗမာစကားတတ်သော ရွာသား (ဦးနေအေး) ကို ခေါ်ယူ၍ “ကျနော် ဗိုလ်သွေးနဲ့ တွေ့ချင်တယ်၊ သူ့နဲ့တွေ့နိုင်အောင် စီစဉ် ပေးပါ”ဟု ပြောလိုက်သည်။ သုံးလေးရက် အတွင်း ဗိုလ်သွေးနှင့် (အန်းထောင်း) ရွာတွင် တွေ့ကြသည်။ မြစ်ဝကျွန်းပေါ်သား ချင်းလည်းဖြစ်၊ မိမိအကြောင်းကို သိရှိထားပြီးလည်း ဖြစ်သည့်အပြင် ဥက္ကဌကြီး မန်းဘဇန်၏ ဂုဏ်အရှိန်ကြောင့်လည်း ဖြစ် နိုင်ပါသည်။ ဘာပြဿနာမျှ မရှိဘဲ တွေ့ဆုံပွဲ ချောမောအောင်မြင်ခဲ့ပါသည်။ စည်းရုံးရေး ပထမအဆင့် အောင်မြင်သွားပြီ ဖြစ်သည်။ ဆက်လက် စည်းရုံးရပေဦးမည်။

နောက်တစ်ပါတ် ရိက္ခာကိစ္စ (ချုံဖေါင်း) တွင် တပ်ထောက်ဗိုလ်သန်းဝင်းနှင့် ဝယ်ရန်အသွား ဗိုလ်သွေးကို ဝင်တွေ့သည်။ အိပ်ရာတွင် မူးနေသည်။ သောက်ထားသည်မှာ တစ်ပါတ်ခန့် ရှိနေကြောင်း သိရှိရသည်။ နောက်များမကြာမှီ ဗိုလ်သွေးကို သွားတွေ့ပြန်သည်။ ၄င်းစခန်းသို့ သွားလည်ရန် ဖိတ်ခေါ်သဖြင့် သွားလည်ခြင်း ဖြစ်သည်။ စခန်းကို ဝင်သည်နှင့် ဆေး ခြောက်အနံ့များက ဆီးကြိုနေသည်။ ဆေးခြောက်ရှူထားလို့ ထင်သည်၊ မျက်စေ့နှစ်ကွင်းစလုံး နီရဲနေကြသည်။ စစ်ဝတ်စုံ ဝတ်ထားသူ တစ်ဦးနှစ်ဦးသာရှိပြီး ကျန်သူများမှာ အရပ်ဝတ်များသာ ဖြစ်ကြသည်။

မိမိတို့လည်း (ကီးဒို) ခံစစ်ကုန်း တောင်ထိပ်ပါတ်လည်၌ (၁ဝ) လံကွာ တဲအိမ်များ ဆောက်လုပ်ပြီးနေပါပြီ။ အလံတိုင်စိုက်ထူရန် နေရာ၊ တန်းစီလူစစ်ရန် ကွင်းနေရာများ ပြင်ရန် ရှိနေပြန်သည်။ မြေမညီသဖြင့် မြေညှိရန် ရှိသည်။ နောက်တစ်ပါတ်အပြီး မြေညှိရန် စီမံရပြန်သည်။ ဗိုလ်ကော်လာနှင့်အဖွဲ့ ဆက်သွယ်ရေးမြောင်း တူးရာဝယ် ပြီးသလောက် ရှိနေပါပြီ။ မိမိတပ်ဖွဲ့ရှိ တပ်မှူးများသည် မြေပုံဖတ်နည်း (Compass) ကြည့်နည်း၊ မိမိနေရာ ရှာဖွေနည်း၊ မြေပုံ မြေပြင် တောင်ကြောလိမ်များကဲ့သို့ ကွဲလွဲချက်များ ရှာဖွေခြင်း၊ အကဲကြည့်ခြင်း၊ လက်နက်ကြီးပစ်နည်း၊ ပစ်ပိုင်နယ် ခွဲခြားခြင်း၊ ပုံသေပစ် လမ်းကြောင်းများ သတ်မှတ်ခြင်း၊ သတ်ကွင်းများထားခြင်း စသည့် စစ်ပညာများကို တတ်မြောက် ထားကြပြီး ဖြစ်သည်။

မိမိတို့၌ရှိသော စစ်သုံးမြေပုံမှာ အမေရိကန်တပ်သုံး စစ်သုံးမြေပုံသာရှိပြီး အင်္ဂလိပ်စစ်တပ်သုံး တစ်လက်မတစ်မိုင် မြေပုံမရှိပါ။ သို့သော် ပြဿနာမရှိ အားလုံးကြည့်တတ်ကြသည်။ မြေပုံကို ခင်းပြီး တပ်မှူးများကိုခေါ်ကာ အကယ်၍ ရန်သူထိုးစစ်ဆင်လာပြီဆိုရင် (ကီးဒို) ခံစစ်ကုန်းကို တက်လာဖို့ တောင်ကြောသုံးကြော ရှိသည်။ ထိုတောင်ကြော သုံးကြော ကြားမှာ မတ်စောက်သော ချိုင့်တွေသာ ရှိပါသည်။

“မင်းသာ ရန်သူ့တပ်မှူးဖြစ်ရင် မင်းဘယ်လိုလုပ်မလဲ” လို့ တစ်ဦးချင်းမေးရာ ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ်လို့ အသီးသီးပြောကြသည်။ “ဒါဆိုရင် ဗိုလ်တင့်လွင် မင်းအဖွဲ့က ဒီတောင်ကြောထိပ်မှာ စောင့်ပစ်မဲ့ ကတုတ်နှစ်လုံးဆောက်။ ဗိုလ်ထူးထူးနဲ့ အဖွဲ့က ဟိုတောင်ကြောထိပ်မှာ ကတုတ် နှစ်လုံး၊ ဗိုလ်နောင်နောင်အဖွဲ့က ဟိုဘက်ချမ်း ပွိုင့် (၄၉၁) တောင်ကုန်းကို တက်မဲ့ တောင်ကြောထိပ်မှာ ကတုတ်နှစ်လုံးဆောက်” ဟု ညွန်ကြားလိုက်ပါသည်။

အပိုင်း (၇)

ရဲဘော်များ ကတုတ်ကျင်းဆောက်ရန် တောင်ထန်းပင်များ၊ ဖြောင့်တန်းသောသစ်လုံးများကို ခုတ်နေကြသည်။ (Overhead) လုပ်ရန် ဖြစ်သည်။ ဆေးဌာနတာဝန်ခံ (Uncle Gyi) ဆရာ ကလိုထူးတို့ အဖွဲ့လည်း ဆေးရုံဆောက်ပြီးသွားပြီ။ ဆရာပန်းဝေ နှင့် ဆရာဂျိုးဖြူတို့ နှစ်ဦး သစ်ဖြတ်လွှနှင့် သစ်ခွဲနေကြသည်။ ခွဲသားများသည် တပ်ခွဲရုံးနှင့် စာကြည့်တိုက် ဆောက်ရန် ဖြစ်သည်။ (ကီဒို) ကုန်း၏ အောက်ဘက် မြေညှိရာ၌ သင်တန်းနှင့် အစည်းအဝေးခန်းမ ဆောက်ရန်အတွက် မြေညှိ၊ ဝါးခုတ်၊ သစ်ခုတ်ဖို့ လိုနေသေးသည်။ ရိက္ခာဌာန တာဝန်ခံ တပ်ရင်းစံပြ ရွှေတံဆိပ်ဆု ရရှိသူ ဗိုလ်သန်းဝင်း (စောကုလား) အား ရဲဘော်၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည် အားလုံး တစ်ယောက်လျှင် ပဲတစ်ကီလို၊ ဆီတစ်ပုလင်း၊ အချိုမှုန့်ထုတ်၊ ငြုပ်သီး၊ ငါးပိ၊ ဆား အခြေခံ စားကုန်များကို အချိုးကျ ဝေပေးရန်၊ ဟင်းအဖြစ် တောကောင်များကို အမဲလိုက် တောပစ်ရန် မုဆိုး အဖွဲ့များအဖြစ် စေလွှတ်ရေး ညွှန်ကြားထားသည်။ (တောကျွမ်းရန် ရည်ရွယ်ချက်ဖြင့် တောပစ်ခိုင်းခြင်း ဖြစ်သည်)။ စစ်နည်း ဗျူဟာအရ စစ်သည်များအား မုဆိုးအဖြစ် လွှတ်လိုက်သည်မှာ အပြင်စည်း လုံခြုံရေးအတွက် လှည့်ကင်းသဘော ဆောင် ရွက်ထားပြီး ဖြစ်သည်။

မှတ်ချက်။

တပ်တွင်းစည်းလုံးညီညွှတ်မှု တည်ဆောက်ရာမှာ -

- တန်းတူရှိရမည်။ အစားအသောက်၊ စစ်ဝတ်တန်ဆာ၊ ဘာသာရေး၊ ရာထူးတိုးမြှင့်ခြင်း၊ တာဝန်ခွဲဝေမှု အခွင့်အရေးများ၌ တန်းတူ ရှိရမည်။

- ဒီမိုကရေစီ ကျင့်သုံးရမည်။ တပ်တွင်း၌ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ တွေးခေါ်ခွင့် ရှိရမည်။

- အပြန်အလှန် လေးစားရမည်။ အရင်တော်လှန်ရေး ရဲဘော်များသည် အမျိုးသား လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ပြည်နယ် ပေါင်းစု ပြည်ထောင်စုဖွဲ့စည်းရေး အခြေခံပေါ်တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လခတစ်ပြားမှမရဘဲ ကိုယ်ကျိုးစွန့်နေသူများ ဖြစ်သည်။ မွန်မြတ်၍ ကြီးမြတ်သော တော်လှန်ရေး တာဝန်ယူနေ သူများ ဖြစ်ကြသည်မို့ တိုင်းပြည်နှင့် ထပ်တူထပ်မျှ တန်ဖိုးရှိကြသည်။ ထို့ကြောင့် အပြန်အလှန် လေးစားတန်ဖိုးထားရမည်။ ကြေးစားတပ်များ ကျင့်သုံးမှုနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သည်။

- ပြည်ထောင်စု အငယ်လေးလို သဘောထားရမည်။

တပ်တွင်းရှိ ရဲဘော်များတွင် လူမျိုးစုံသည်။ မွန်၊ ဗမာ၊ ပသျှူး၊ ကရင် စကောကရင်များတွင် ဘိတ် – ထားဝယ် ကရင်၊ တောင်ငူ ကရင်၊ မြစ်ဝကျွန်းပေါ် ကရင် ဟူ၍ ၎င်း၊ ပိုးကရင်များတွင် အရှေ့ပိုင်း ကရင်၊ အနောက်ပိုင်း ကရင် ဟူ၍၎င်း ကွဲပြားလျှက် ရှိသည်။ ကရင်ပြည်ဘွား မွတ်စလင်၊ ရန်ကုန်၊ မော်လမြိုင်၊ ဖားအံ မွတ်စလင် စသည့် လူမျိုးစု ပေါင်းစုံနှင့် ရှိနေသည်။ ပညာတတ် ကျောင်းသား၊ လယ်သမား၊ ပျံကျ အလုပ်သမား၊ ဆိုက်ကားသမား စသည့် လူတန်းစားပေါင်းစုံသည်၊ ဘဝစုံသည်။ ဘာသာစုံသည်၊ ခရစ်ယာန် ဘာသာဝင်များအတွင်း နှစ်ခြင်း၊ စနေအသင်း၊ ရိုမန်ကက်သလစ်၊ မက်သဒစ်ဘာသာဝင် အစုံရှိသည်။ ဗုဒ္ဓဘာသာ အစ္စလာမ် ရှိသည်။ ဆေးမှူး Uncle Gyi သည် ဘယ်ဘာသာကိုမှ မကိုးကွယ် (အမှန်တရားသည် သူ့ဘုရား ဖြစ်သည်ဟု ခံယူထားသူ ဖြစ်သည်)။ လူစုံသည်။

ဘာသာစုံ၊ လူမျိုးစုံ၊ ဘဝစုံသော တပ်ဖွဲ့တစ်ခုတွင် တန်းတူမှု၊ ဒီမိုကရစီ ကျင့်သုံးမှု၊ အပြန်အလှန် လေးစားမှုနှင့် ပြည်ထောင်စု အငယ်လေးလို သဘောထားနိုင်မှ တပ်တွင်း စည်းလုံးညီညွှတ်မှု ရရှိမည် ဖြစ်သည်။

မှတ်ချက်။

- ဘိတ် – ထားဝယ် ခရိုင်ရှိ တပ်ရင်း (၁၀) သည် တပ်မဟာအဖြစ် ဗဟိုမှ သတ်မှတ်လိုက်သဖြင့် မိမိတို့စစ်ကြောင်း (၃) သည် တပ်ရင်း (၁၂) ဖြစ်လာသည်။

- လူတစ်မျိုးထဲရှိသော တပ်မျိုး၌ “ပြည်ထောင်စု အငယ်စား” လို သဘောထားရန် လိုမည် မဟုတ်ပါ။

တပ်တွင်း၌ အထက်ပါ မူ (၄) ချက် ချမှတ် အုပ်ချုပ်သဖြင့် ပြဿနာ ကြီးကြီးမားမား ရင်မဆိုင်ရပေ။ တက်ညီလက်ညီ ပေးအပ်သော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် ကြသည်။ အခြေခံစခန်း ခိုင်ခိုင်မာမာ တည်ဆောက်မပြီးမှီ ရန်သူထိုးစစ် မဆင်ရန်လိုသည်။ ဗိုလ်သွေးအဖွဲ့၊ မွန်အဖွဲ့နှင့် ပင်လယ်ဓါးပြအဖွဲ့များကို မဟာမိတ် သို့မဟုတ် ကြားနေ အဖွဲ့ဖြင့် ထားနိုင်အောင် ကြိုးစားရမည်။ ဗိုလ်သွေးအဖွဲ့ မိမိတို့ကို မဆန့်ကျင်ပေ။ ၎င်းကို မိမိတို့ အဖွဲ့နှင့် ပူးပေါင်းလာအောင် ကြိုးစားရမည်။ နောက်ပိုင်းတွင် ဗိုလ်သွေး၏ အားသာချက်၊ အားနည်းချက်ကို တွေ့ရှိလာသည်။ ၎င်းအနေနှင့် ၎င်းတပ်ဖွဲ့အား မိမိထံ အပ်လိုသည်။ ထောက်ပံ့ရေး ပြဿနာ ရှိနေသည်။ ထို့ကြောင့် ၎င်းရင်ဆိုင်နေရသော ထောက်ပံ့ရေး ပြဿနာကို ညီအစ်ကိုသဖွယ် ဖြေရှင်းလိုကြောင်း ပြောသောအခါ သဘောတူလေသည်။ (ဒညတ) မှ ၎င်းတို့၏ ထောက်ပံ့ရေး ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိတော့ပါ။ ၎င်းတွင် စားကြွေး၊ သောက်ကြွေး ဘတ်ငွေ ငါးသောင်း ရှိကြောင်း သိရသည်။

မှတ်ချက်။

“The supreme act of war is to subdue the enemy without fighting” “စစ်၏ အမြင့်ဆုံး လုပ်ဆောင်မှုသည် ရန်သူကို မတိုက်ရဘဲ အောင်နိုင်ခြင်း ဖြစ်သည်” ဟု တရုတ်စစ်ပါရဂူ ဆွန်ဇူးမှ သွန်သင်ထားသည်။

ဆွန်ဇူး၏ (ဒဿန) ကို Apply လုပ်ရန်၊ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီး စိုးစိုးထံ သတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံ ခေါ်သွားသည်။ ဘတ်ငွေ ငါးသောင်း ထုတ်ပေးလိုက်သည်။ ဗိုလ်သွေးတစ်ဖွဲ့လုံး မိမိတို့တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်သည်။ မိမိတို့၏ တောင်ဘက်ပိုင်းတွင် (နအဖ) တပ်မှလွဲ၍ ရန်သူ မရှိတော့ပါ။ ဗိုလ်သွေးနှင့် တောင်ပိုင်း (ဒညတ) ပြဿနာ ပြေလည်သွားပါပြ

အပိုင်း (၈)

ဆွန်ဇူး၏ (ဒဿန) ကို (Apply) လုပ်ရန်၊ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီး စိုးစိုးထံ သတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံ ခေါ်သွားသည်။ ဘတ်ငွေ ငါးသောင်း ထုတ်ပေးလိုက်သည်။ ဗိုလ်သွေး တစ်ဖွဲ့လုံး မိမိတို့တပ်ဖွဲ့နှင့် ပူးပေါင်းလိုက် သည်။ မိမိတို့၏ တောင်ဘက်ပိုင်း (နအဖ) တပ်မှလွဲ၍ ရန်သူမရှိတော့ပါ။ ဗိုလ်သွေးနှင့် တောင်ပိုင်း (ဒညတ) ပြဿနာ ပြေလည်သွားပါပြီ။

မှတ်ချက်။

ခေါင်းဆောင်ကြီး စောဘဦးကြီး၏ (The enemy of my enemy is my friend) “ငါ့ ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ ဖြစ်သည်” နှင့် တရုတ်စစ်ပါရဂူ ဆွန်ဇူး၏ (The supreme act of war is to subdue the enemy without fighting) “စစ်၏ အမြင့်ဆုံး လုပ်ဆောင်မှုသည် ရန်သူကို မတိုက်ရဘဲ အောင်နိုင်ခြင်း ဖြစ်သည်” ဆိုသည့် လမ်းညွှန်မှုကို မှန်ကန်စွာ အသုံးချ လိုက်သဖြင့် ဗိုလ်သွေးအဖွဲ့နှင့် ပေါင်းစည်းမှု ရလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဗိုလ်သွေးအဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားရပါက ဘတ်ငွေ (ငါးသောင်း) ထက်မက ကုန်ကျမည် ဖြစ်ပြီး အသက်များစွာ ဆုံးရှုံးရုံမက အရင်းအနှီးနှင့် တန်ဖိုးများများ ပေးဆပ် ရမည် ဖြစ်သည်။

မြောက်ပိုင်းရှိ မွန်အဖွဲ့နှင့် တွေ့နိုင်ရန် စီစဉ်ရပြန်သည်။ (ဗဂုံမာန်) အဖွဲ့သည် (တရုတ်ဖြူ) ထံမှ အကူအညီ ရကြောင်း၊ တပ်မှူး တချို့ (တိုင်ဝမ်) တွင် စစ်သင်တန်း သွားတက် ကြောင်း၊ လက်နက်နှင့် စစ်သည်အင်အား ကောင်းမွန်ကြောင်း သတင်းရ သည်။ မွန်အဖွဲ့နှင့်တွေ့ရန် ၎င်းတို့နှင့်နီးစပ်သော ၎င်းတို့ထံ ဝင်ထွက်နိုင်သူကို ရှာသည်။ တွေ့ရပါသည်။ မွန်အဖွဲ့နှင့် ရင်းနှီသူမှာ ဗိုလ်သွေး ဖြစ်နေသည်။ မွန်အဖွဲ့နှင့် တွေ့ရန် ဗိုလ်သွေးအား စီစဉ်ခိုင်းရာ ၎င်းတို့မှ မိမိအား -

“တွေ့ချင်ရင် တစ်ယောက်ထဲ လာခဲ့” ရန် အကြောင်းကြားသဖြင့် မိမိတစ်ယောက်တည်း သွားရန် ဆုံးဖြတ်လိုက်သည်။

ဖထီး မန်းရောဘဇန်

ခရီးမထွက်မှီ မိမိရဲဘော်များနှင့် တွေ့ပြီး မွန်အဖွဲ့နှင့် သွားတွေ့ရေးကို ဆွေးနွေးရာ သဘောတူသူရှိသလို ကန့်ကွက်သူလည်း ရှိသည်။

“ဘာကြောင့် တစ်ယောက်ထဲ လာခိုင်းရတာလဲဗျ၊ အဖေါ်တစ်ယောက်တောင် ခေါ်သွားခွင့် မရရင် အသက်အန္တရာယ် မရှိနိုင် ဘူးလား”

“ရပါတယ်ကွာ၊ ဗိုလ်သွေးလည်း လိုက်မှာ ဖြစ်တယ်၊ မွန်အဖွဲ့ဟာ ငါတို့အတွက် အရေးကြီးတယ်”

မဟာမိတ်မဖွဲ့နိုင်ရင် ရေရှည်ရပ်တည်ဖို့ ခက်မယ်၊ ရန်သူကို အေးအေးဆေးဆေး တိုက်နိုင်မှာ မဟုတ်ဘူး၊ မွန်နဲ့ ကရင်ဟာ သမိုင်းစဉ်တလျောက်လုံး ဘုံရန်သူဆန့်ကျင်ရေးမှာ ဘဝတူတွေ ဖြစ်တယ်။ ကရင်လက်နက်ကိုင် တော်လှန်ရေး အစမှာ (KNDO) နဲ့ (MNDO) ရှိတယ်။ ရန်သူကို အတူ တိုက်ခဲ့ကြတယ်။ မွန်ခေါင်းဆောင်ကြီးတွေနဲ့ ကရင် ခေါင်းဆောင်ကြီးတွေကြား သစ္စာပြုချက် (၄) ချက် ရှိခဲ့တယ်။

မှတ်ချက်။

(KNDO) _ (Karen National Defense Organization)
(MNDO) _ (Mon National Defense Organization)

ဗိုလ်ကော်လာမှ – “ကျနော်ကတော့ သွားဖို့ သဘောမတူဘူးဗျ၊ ဘုရားသုံးဆူတိုက်ပွဲမှာ မွန်တွေ လက်ချက်နဲ့ ကျနော်တို့ တပ်ကြပ်ကြီး စောကဲ ကျသွားတယ်ဗျ”

“စစ်တိုက်တာဘဲကွာ ထိခိုက်၊ သေကြေကြတာတော့ ရှိမှာပေါ့၊ စစ်မဖြစ်အောင် အရင်လုပ်ရမယ်၊ နည်းလမ်းရှာရမယ်၊ မွန်အဖွဲ့နဲ့ တွေ့မှ အဖြူ၊ အမဲ ခွဲလို့ရမယ်။ သူတို့ သတ်လို့ သေသွားရင် ငါ့တာဝန် ကျေတာပေါ့ကွာ၊ “The enemy of my enemy is my friend” လို့ ခေါင်းဆောင်ကြီး စောဘဦးကြီး လမ်းညွှန်ခဲ့တယ်မဟုတ်လား”

မိမိနှင့် ဗိုလ်သွေး ကားငှားပြီး မွန်အဖွဲ့နှင့် သွားတွေ့သည်။ ၎င်းတို့ (ဂိတ်) အဝင်ဝတွင် လူခေါင်းခွံ နှစ်လုံးချိတ်ထားသည်။

“တယ်ဟုတ်ပါလား၊ အပြန်ခြေရာ ရှိပါ့မလား”

“လူဆိုတာ နှစ်ခါမသေဘူး” “Death rather than to be a coward” (သူရဲဘောကြောင်တယ်လို့ အထင်ခံရတာထက် သေတာက မြတ်တယ်) ဟု မိမိကိုယ်ကို တစ်ယောက် တည်းပြောပြီး…

မိမိတို့ လာမည်ကို (ဂိတ်) တာဝန်ကျများ သိထားပြီး ဖြစ်၍ ဝင်ခွင့်ရသဖြင့် တောင်တက် လမ်းအတိုင်း တက်လာသည်။ သွပ်မိုးများနှင့် မိုးထားသော သစ်သားအဆောက်အဦးများ၊ ကတုတ်များ၊ ခြံစည်းရိုးများ၊ ညှောင့်များ၊ ဆက်သွယ်ရေးမြောင်းများနှင့် ခိုင်မာသော စခန်းတစ်ခု ဖြစ်သည်။ ရုံးနှင့်တူသော အဆောက်အဦးသို့ ဝင်လိုက်သည်နှင့် ကျားဝတ်စုံ ဝတ်ထားပြီး ကြယ်သုံးပွင့်တတ်ထားသည့် ကျားဦးထုပ် ဆောင်းထားသော ဝဝဖိုင့်ဖိုင့် လူတစ်ဦးကို တွေ့သည်။ မိမိတို့အား လာနှုတ်ဆက်သည်။ ဗဂုံမာန် ဖြစ်ကြောင်း၊ ဥက္ကဌ ဆိုသူနှင့်ပါ မိတ်ဆက်ပေးသည်။ ရန်စီသာဟု မိတ်ဆက်သည်။ ဥက္ကဌ ဆိုသူမှ -

“ခင်ဗျား ကျနော့ကို မှတ်မိလား၊ ကျနော်တို့ သော်လဲထာ စခန်းမှာ တညလ အသံလွှင့်ဌာန ဖွင့်တော့ မွန်ဘာသာအစီအစဉ်ကို တာဝန်ယူကြောင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြ တော့မှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေတော့သည်။

မှတ်ချက်။

၁၉၇၁ ခုနှစ် တညလ (တိုင်းရင်းသား ညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု) အသံလွင့်ဌာနကို (သောလဲထာ) တောတွင်းတနေရာ၌ တည်ဆောက်ထားသည်။ ထိုစဉ်က ဦးတင်မောင်ဝင်း၊ သူ့ဇနီး ဒေါ်ဘေဘီနှင့် သမီး လဲ့လဲ့ဝင်း၊ ဦးသုဝေ၊ မြဝတီ ရဲခေါင်၊ ဦးထွေးမြင့်၊ ဦးရဲကျော်သူ စသည့် ခေါင်းဆောင်များ ပါဝင်ပြီး မွန်ခေါင်းဆောင် ရန်စီသာကိုပါ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အသံလွှင့် အစီအစဉ် အဖွင့်သီချင်း တိုက်စဉ် မိမိက မယ်ဒလင် တီးသည်။ ထိုစဉ်က မိမိဖခင် မန်းဘဇန်သည် (တညလ) တပ်ပေါင်းစု ဥက္ကဌ ဖြစ်သည်။

အားလုံး အဆင်ပြေ ချောမွေ့သွားပြီး ဖြစ်သည်။ မိမိမှ “ရတနာပုံ ရန်သူ့စခန်းတိုက်လိုက ကျနော်တို့ကို အကြောင်းကြားရန်၊ အတူတိုက်လိုကြောင်း” ပြောထားသည်။ မွန်အဖွဲ့ စခန်းနားတွင် ရှိသော ရန်သူ့စခန်း ဖြစ်သည်။ နေ့လည်စာစားပြီး ၄င်းတို့၏ လက်နက်သိုလှောင်ရုံအား ဗဂုံမာန် ကိုယ်တိုင် လိုက်ပြသည်။( M 16, AK, AK စက်လတ်၊ RPG ၊ ၂၊ ၅၊ ရ၊ ၈၂ နောက်ပွင့်ရိုင်ဖယ်၊ ၆ဝ မမ၊ ၈၂ မမ စိန်ပြောင်း စသည့် လက်နက်မျိုးစုံ (ရဝဝ) ကျော် ရှိမည်ဖြစ်သည်။ နောက်ထပ် လက်နက်သိုလှောင်ရုံ သုံးခုရှိသေးကြောင်း ပြောပြသည်။

မွန်ညီအစ်ကိုများနှင့် မဟာမိတ်ဖြစ်လာခဲ့ပါပြီး စီမံချက်ပြီးမြောက်ခဲ့သည်။ အနောက်ဘက်ရှိ ရန်သူ ခလရ (၂၂၄) ကိုသာ စိတ်အေးအေးထားပြီး တိုက်ဖို့သာရှိတော့သည်။

အပိုင်း (၉)

မိမိတို့၏ တောင်ဘက်၊ မြောက်ဘက်ရှိ ညီအစ်ကိုများနှင့် နားလည်မှုရရှိပြီးဖြစ်သဖြင့် (ယွားဟေလူ) စခန်းကို ခိုင်မာစွာ တည်ဆောက်ရန် စီမံရပြန်သည်။ တပ်ကြပ်ကြီးတင်ထွန်း (ကျဆုံး) ဦးစီး တပ်စိတ်တစ်စိတ်ကို နယ်မြေ ကျွမ်းကျင်ရန်နှင့် ကင်းရှည်ထိုးရန် (နာကဖရောင်) သို့ စေလွတ်လိုက်သည်။ ခံစစ်စခန်း ခိုင်မာစေရန် ပြင်ဆင်ရာတွင် (ကီးဒို) ကုန်းကို မိမိ ကြည့်ခဲ့ဘူးသော (ဗီယက်နမ်စစ်ပွဲ) အမေရိကန်ရုပ်ရှင် (Humberger Hill) ကားအတိုင်း စီမံသည်။

(ကီးဒို) ခံစစ်ကုန်းသည် စီမံချက်အတိုင်း ပြီးလုနေပါပြီး။ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ တောင်စွယ် သုံးစွယ် ထိပ်ရှိ ကတုတ်ကျင်းကြီး နှစ်လုံးစီ၊ ခြံစည်းရိုး သုံးထပ် အားလုံး ပြီးနေပါပြီ။ ဗိုလ်ကျော်လှနှင့် မိုင်းဗုံးအဖွဲ့သည် ခြံစည်းရိုးကြားတွင် ဝါးညှောင့်များ စိုက်နေကြသည်၊ ဗုံးအဖွဲ့ လေးယောက် တစ်ရက်၊ တစ်ယောက် (၁၅) လုံးနှုန်း ဗုံးထောင်နေကြ သည်။ ဗုံးအဖွဲ့ အတွင်းမှ တပ်ရင်းစံပြဆုတံဆိပ်ရရှိရန် အလားအလာရှိသော ရဲဘော်နန်းအောင် ကိုယ့်မိုင်းကိုထိပြီး လက်နှစ်ဖက်စလုံး ပြတ်သွားသည်။ မိမိတို့တပ်ရင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သည်။

မှတ်ချက်။

- ခံစစ်သေစစ်ရေးကို ဆန့်ကျင်၊ ခံစစ်ရှင်စစ်ရေးကို ကျင့်သုံးရန် ၁၉၆၃ ခုနှစ်၊ (ဖလိုးခီး) ဗဟိုနိုင်ငံရေး – စစ်ရေး သင်တန်း၌ သင်တန်းမှူးတစ်ဦးဖြစ်သော ဗိုလ်ချုပ်တင်ဦး (ဖူးတာအယ်) ထိုစဉ်က KPLA (Karen People Liberation Army) ဒုတိယ စစ်ဦးစီးချုပ်၊ ပို့ချခဲ့သော စစ်ရေးဝိဇ္ဇာဘာသာရပ်ကို မှတ်ယူခဲ့ပြီး ဖြစ်သည်။

မိမိစီမံချက်မှာ (ယွားဟေလူ) စခန်းအား တစ်လတိတိ ရန်သူ့ထိုးစစ် ခံနိုင်ရန် ရည်ရွယ်သည်။ ထိုးစစ် ကာလအတွင်း ရန်သူ ကို မိမိအတွင်းစည်းဝိုင်းအတွင်းသို့ မြူဆွယ်ပြီး နောက်ပိုင်းမှ ပိတ်ဆို့ရန် ဖြစ်သည်။ နယ်မြေအနေအထားအရ သွားလာရန် မလွယ်၊ ထို့ကြောင့် ရန်သူကိုတိုက်ခိုက်ရန် စည်းဝိုင်း (၃) ဝိုင်း စီမံထားခြင်း ဖြစ်သည်။ အလယ် စည်းဝိုင်း၌ ရန်သူကို ပြောက်ကျားပစ်ပြီး အပြင်စည်းဝိုင်းသည် ရန်သူ့ ထောက်ပို့ကို တိုက်ခိုက်ရန်ဖြစ်သည်။

အလယ်စည်းဝိုင်းနှင့် အပြင်စည်းဝိုင်းရှိ ရန်သူကို တိုက်ခိုက်ရန် ကျည်နှင့် ရိက္ခာ ပြင်ဆင်ရမည် ဖြစ်သည်။ ရိက္ခာ တာရှည်ခံ နိုင်ရန်အတွက် မိမိတို့စဉ်းစားကြရာ မြေကြီးအောက်၌ မြှုပ်ထားရန်ဖြစ်သည်။ တာရှည်ခံနိုင်ရန် အတွက် ဒီဇယ်တိုင်ကီပုံး များကို ဝယ်သည်။ ဆီနန့်ပျောက်ရန်အတွက် ပုံးထဲသို့ ဆပ်ပြာမှုန့်ထည့်၊ ရေထည့်ပြီး မီးတိုက်သည်။ နောက် ရေဆေးပြီး အချောက်ခံလိုက်သောအခါ ဆီနန့် မရတော့ပေ။ တိုင်ကီပုံး တစ်လုံးတွင် ဆန် နှစ်အိတ်ခွဲဆန့်သည်။

ခလရ (၂၂၄) ဌာနချုပ် (ဘုတ်ပျင်း) နှင့် အနီးဆုံး နာရီဝက်ခရီး၌ တိုင်ကီပုံးနှင့် ဆန်များထမ်းပြီး မြေမြှုပ်ဖွက်ထားလိုက် သည်။ (AK) နှင့် (M-16) ကျည်များကိုပါ ဝှက်ထားလိုက်သည်။ အလယ်စည်းဝိုင်း၌ ပြောက်ကျား (၅) ယောက် တစ်ဖွဲ့ (၅) ဖွဲ့ နေရာချထားသည်။ တိုက်ပွဲကာလ ၄င်းတို့ စားရန် တိုင်ကီပုံး တစ်ပုံးစီ မြုပ်ထားရန် စီစဉ်ထားပြီး ဖြစ်သည်။

မှတ်ချက်။

ခံစစ်ဟာ သေတွင်းဖြစ်တယ်ဆိုတာ သိတယ်။ ဘာကြောင့် (ယွားဟေလူ) စခန်းမှာ တစ်လတိတိ ရန်သူကို ဆွဲတိုက်ရသလဲ ဆိုတော့ (ကော်မူးရာ – ဝမ်းခါ) စခန်း တိုက်ပွဲစဉ် တလျှောက်လုံး ရန်သူ့ထိုးစစ်မှန်သမျှကို ခုခံနိုင်ခဲ့လို့ ကရင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာ မြင့်မားခဲ့တယ်။

မိမိတို့ (မိုးတောင်) ရောက်တော့ အခိုင်အမာ စခန်းဆောက်ဘို့ အကြံပြုကြည့်တယ်။ “ခံစစ်ရှင် ပြောက်ကျားဘဲ အခိုင်အမာ စခန်း မလိုဘူး” လို့ တာဝန်ရှိသူမှ ပြန်ပြောပါတယ်။ တကယ့်တကယ် (မိုးတောင်) ကို ရန်သူထိုးတော့ တစ်ရက်မခံဘူး ဆုတ်ခဲ့ရတယ်။ ပြင်ဆင်မှု မရှိတော့ သိက္ခာမဲ့စွာနဲ့ ဆုတ်လိုက်ရတယ်။

ထိုသို့ မဖြစ်ရရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ တစ်လတိုင်ခံတိုက်ပြီး ဘယ်လိုဆုတ်မလဲ၊ ဘယ်ကို ဆုတ်မလဲ ဆိုသည် ကို စဉ်းစားသည်။ ဆုတ်မဲ့နေရာကတော့ (ဃိုသဲလူ) ဆိုသည့် နေရာဖြစ်သည်။ ထိုနေရာကို ပြင်ဆင်ရန် (ဗိုလ်အယ်ခလေး) တပ်ခွဲကို တာဝန်ပေးလိုက်သည်။ (ဃိုသဲလူ) ကို ဆုတ်ရင် ရွာများကိုဖြတ်ပြီး ဆုတ်ရမည်ဖြစ်၍ ပြည်သူများ၏ ထောက်ခံမှု ရရှိအောင် လုပ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် လစဉ် တပ်တွင်း စည်းဝေးပွဲတစ်ခုတွင် -

- ရန်သူ့ထိုးစစ်တစ်လခံနိုင်ရန်အတွက် (ကီးဒို) ခံစစ်ကုန်း ခံစစ်ဒုတိယအဆင့်ကို ပြင်ဆင်မည်။
- ပွိုင့် (၄၉၁) ကုန်းတွင် ခံစစ်နေရာပြင်မည်။
- ရွာသားများကို စည်းရုံးရမည်။
- ၁၂ဝ မမ စိန်ပြောင်း (Delay) ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် စီမံချက်များ ချမှတ်လိုက်သည်။ ထိုစီမံချက်များ အတိုင်း လုပ်ဆောင်ရန် တာဝန်များ ခွဲဝေလိုက်သည်။
- ဗိုလ်ကြီးတင့်လွင်အား သစ်လုပ်ငန်းမှ (Bull Dozer) ကိုခေါ်၍ (ကီးဒို) ခံစစ်ကုန်း၏ ခြံစည်းရိုး (၃) ထပ် အောက်ဘက် (၁ဝ) ပေ အမြင့်ရှိ အောက်မြေသားများအား ကော်ထုတ် ခိုင်းရမည်။ ရန်သူ အလွယ်တကူ ကျားတက်မထိုးနိုင်ရန် ဖြစ်သည်။ ဒုတိယအဆင့် ဖြစ်သည်။ ထိုအဆင့်၌ (ကီးဒို) ခံစစ်ကုန်းထိပ်သို့ တက်နိုင်သည့် တောင်ကြော သုံးကြောလုံး၏ ထိပ်၌ ကတုတ်ကျင်းနှစ်လုံးစီ ဆောက်ရန် တာဝန်ပေးလိုက်သည်။
- ပွိုင့် (၄၉၁) ကုန်းတွင် ခံစစ်နေရာပြင်ရန် ဗိုလ်ထူးထူး တပ်စုကို တာဝန်ပေးသည်။ ကတုတ်များ၊ ဆက်သွယ်ရေးမြောင်း၊ ခြံစည်းရိုး၊ (ကီးဒို) ခံစစ်ကုန်းကဲ့သို့ (၁ဝ) ပေအမြင့်ရှိ အောက်မြေသားများ ကော်ထုတ်ရန် ဖြစ်သည်။
- ၁၂ဝ မမ စိန်ပြောင်း (Delay) ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် ဗိုလ်ကော်လာတပ်စုကို တာဝန်ပေးသည်။ မိမိတို့၌ရှိသော ၈၁ မမ စိန်မြောင်းနေရာမှ စတင်၍ (ကီးဒို) ခံစစ်ကုန်းကိုပတ်ပြီး စတင်တူးရမည်။ တစ်ဖွဲ့သည် ဘယ်ဘက်မှ စတူးပြီး ကျန်တစ်ဖွဲ့သည် ညာဘက်မှ စတူးရမည်။ ဥမင်၏ အပေါ်မြေသား ပြိုမကျရေးအတွက် ဒေါင့်ထောက်ရန် သစ်တိုင်နှင့် သစ်လုံးခုတ်ရန် ဗိုလ်ထွန်းမြင့်တပ်စုကို တာဝန်ပေးလိုက်သည်။

မှတ်ချက်။

မိမိဖတ်ဘူးသော (The Tunnel of Cuchi) စာအုပ်တွင် ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး ပြောက်ကျား တပ်ဖွဲ့များ တိုက်နည်းကိုယူ၍ မိမိရဲဘော်များ အထိအခိုက် နည်းစေရန်နှင့် တစ်လခံမည့် ခံစစ်စီမံချက် ဖြစ်သည်။

မှတ်ချက်။

လူထုစည်းရုံးရေး လုပ်ရာတွင် သြဇာရှိပြီး လူထု ရိုသေလေးစားမှု ခံရသော၊ ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ ဗလီ ဆရာများကို စတင် စည်းရုံးရမည်၊ ထိုခေါင်းဆောင်များ၏ ထောက်ခံမှုကို အရင်လုပ်ရမည်။ ထိုမှတဆင့် လူထုလုပ်ငန်းများ ရှာလုပ်ရမည်။

- စစ်တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း စစ်တိုက်၊ စစ်တိုက်ရင်း လေ့လာ၊ လေ့လာရင်း စစ်တိုက်ရမယ်။
- သဘာဝ အကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။
- လူထု မထောက်ခံတဲ့ တော်လှန်ရေးဟာ သွေးမရှိတဲ့ လူလိုဘဲ။
- တော်လှန်ရေး တရပ်ကို လူထုက မထောက်ခံတော့ဘူး ဆိုရင် ဒီတော်လှန်ရေးဟာ မသာခေါင်းလောင်း ထိုးခံရတာနဲ့ အတူတူဘဲ။
- လူထုဆန့်ကျင်ရေး မလုပ်နဲ့၊ လူထုနောက်မှီးဆွဲလည်း မဖြစ်နဲ့။

မိမိတက်ခဲ့ဘူးသော စစ်နှင့် နိုင်ငံရေးသင်တန်းများမှ လေ့လာမှတ်ယူခဲ့ဘူးသော စစ်သင်ခဏ်းစာများကို လက်တွေ့ အသုံးချ ရတော့မည် ဖြစ်သည်။ အထက်ပါလူထုလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် မိမိတို့ လုပ်ဆောင်ကြပါပြီ။

အပိုင်း (၁၀)

မိမိနှင့် တပ်ရင်းရုံးအဖွဲ့ နံနက်စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကို ခွင့်ပန်ပြီး ခြုံနွယ်ပေါင်းပင်များကို ရှင်းသည်။ ရေတွင်းထဲရှိ မျက်၊ ပေါင်းပင်များ ရှင်းပြီး ပြန်တူး ပေးသည်။ ရေကြည်ရေသန့်များ ထွက်လာသည်။ လူထု စည်းရုံးရေးလုပ်ငန်း အဆင့်(၁) ဖြစ်သည်။ အဆင့်(၂) အဖြစ် – ဘာလုပ်ရမည်ကိုစဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် (ကီးဒို) ကုန်း၏ အရှေ့ဘက်ရှိ တောင်ယာများ၌ စပါးများ ရွှေဝါရောင်သန်းနေပြီး ရိတ်သိမ်းရန် အချိန်တန်နေပါပြီ။ တနေ့ နံနက်စာ စားပြီး မိမိချစ်ဇနီး အပါအဝင် ရဲဘော် တပ်စုတစ်စု ခေါ်၍ ကျေးရွာလူကြီးကိုခွင့်ပန်ပြီး တောင်ယာစပါးများကို ရိတ်ကြသည်။

စပါးနှံများကို လက်မနှင့် ဆိတ်ခူး၍ ကြွပ်ကြွပ်အိပ်ထဲ အပြည့်ထည့်၊ လယ်ရှင်အိမ် ထမ်းပို့ကြပါသည်။ ထိုအတောအတွင်း အမျိုးသမီးတစ်ဦး ထမင်းစားရန် လာခေါ်သည်။ တောင်ယာပိုင်ရှင် ဖြစ်သည်။ ကောင်ညင်းနှင့် ငါးပိထောင်း ဖြစ်သည်။ လူထုစေတနာရှိ၍ ထင်သည်၊ နတ်သုဒ္ဓါတမျှ အရသာရှိလှသည်။ တောင်ယာတခုလုံး ပြီးသွားသဖြင့် စခန်းသို့ ပြန်ရန် ဖြစ်သည်။ မပြန်မှီ ကျေးရွာလူကြီးအား မကျန်းမာသူများရှိပါက မိမိတပ်ဆေးရုံတွင် လာရောက်ကုသနိုင်ကြောင်း အကြောင်း ကြားခဲ့သည်။ အနည်းငယ်မျှ လူထုအကျိုးပြု လုပ်ငန်း လုပ်ခဲ့ရုံဖြင့် လူထု၏ ချစ်ကြည်လေးစားမှုနှင့် လူထု၏ အေးမျှသော မေတ္တာကို ရရှိခဲ့သည်။

မှတ်ချက်။

- သဘာဝ အကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်ဆိုတဲ့ တော်လှန်စစ် (ဒဿန) တစ်ခုကို တွေ့ရှိခဲ့သည်။

မိမိတပ်ရင်း တပ်ထောက် ဗိုလ်သန်းဝင်း မြို့ထဲသို့ ဈေးဝယ်သွားတိုင်း ဆေးရုံသွားလိုသော ရွာသားများကို ခေါ်သွားလေ့ ရှိသည်။ အခြေခံလူတန်းစားများ ဖြစ်သည်။ လူထု၏ အခက်အခဲကို ကူညီဖြေရှင်းပေးပါဆိုသည့် လူထုလမ်းစဉ်ကို ကျင့်သုံး ခြင်း ဖြစ်သည်။

တပ်ရင်းသင်တန်းဌာန တာဝန်ခံ ဗိုလ်နောင်နောင်မှ အခြေခံစစ်သင်တန်း အပါတ်စဉ် (၁) စဖွင့်သည်၊ သင်တန်းသား (၄ဝ) ခန့် ရှိသည်၊ မိမိတပ်မှူးမှ ရဲဘော်များ ပို့လာသည်။ ဗုံးဌာန တာဝန်ခံ ဗိုလ်ကျော်လှမှ ဗုံးသင်တန်း ပေးသကဲ့သို့ စာမတတ်သူ ပပျောက်ရေး စီမံချက်အတိုင်း မူလတန်းကျောင်းဖွင့်သည်။ ရဲဘော်များ၏ သားသမီးများ၊ (မိမိသမီးနှစ်ဦး)၊ တပ်ကြပ် အောင်သန်း (ဗိုလ်သွေး) အဖွဲ့မှ ပါလာသူ၏ သားနှစ်ဦး၊ ရဲဘော်လေးများ ဖြစ်သည့် (မိုဟာမက် ဟာရွန်) (ပသျှူး)၊ သိန်းဝင်းလေး (ဘိတ်သား) (ယွားဟေလူ တိုက်ပွဲ၌ ကျဆုံး) နှင့် အခြားရဲဘော်တို့ဖြင့် ကျောင်းဖွင့်ထားသည်။

မှတ်ချက်။

(မိုဟာမက် အီစွပ်) သည် မိမိ တပ်မဟာ (ရ)၊ တပ်ရင်း (၂၃)၊ စစ်ကြောင်းမှူး တာဝန်ယူစဉ်မှ စ၍ တပ်ရင်း (၁၉)၊ တပ်ခွဲ (၄) မှူး၊ တပ်ရင်း (၁၉) ရုံးထိုင်မှူး၊ ကော်သူးလေ မွတ်စလင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မှူး၊ ယခု တပ်ရင်း (၁၂) ဒုတိယ တပ်ရင်းမှူးတိုင် တစိုက်မှတ်မှတ်ပါလာသူ ဖြစ်သည်)

ဗဟိုဌာနချုပ်၌ ဖွင့်သော တရားရေးသင်တန်းသို့ တပ်ကြပ် စောကော်ဒို၊ အရာခံ ဗိုလ်စောသူးသူး တို့ နှစ်ဦး၊ အပါတ်စဉ် (၃) ဗိုလ်သင်တန်းသို့၊ အရာခံဗိုလ် သောထူး (ယွားဟေလူ တိုက်ပွဲ၌ ကျဆုံး)၊ တပ်ကြပ် မန်းငြိမ်းငြိမ်း၊ တပ်ကြပ် မန်းလှထွန်းဦး (၄င်းတို့နှစ်ဦးလုံး တတိယနိုင်ငံသို့ ရောက်ရှိ) တို့ (၃) ဦး အားစေလွတ်လိုက်သည်။

မိမိလည်း တပ်ရင်း စည်းဝေးခန်းမ၌ ကရင့်တော်လှန်ရေး လမ်းစဉ်၊ လုပ်ငန်းစဉ်၊ ပြောက်ကျား စစ်ဆင်ရေး၊ လူ့အခွင့်အရေး (Universal Declaration of Human Rights) ဘာသာရပ်၊ စည်းရုံးရေး ဘာသာရပ်များကို ပို့ချနေသည်။ “စစ်တိုက်ရင်း လေ့လာ – လေ့လာရင်း စစ်တိုက်”ဆိုသည့် မူကို ကျင့်သုံးနေခြင်း ဖြစ်သည်။

ကျောင်းသားတပ်မတော်မှ ဗိုလ်ထိန်လင်းနှင့် တပ်ဖွဲ့ (ကီးဒို) အတက်၊ တောင်စွယ်ထိပ်တစ်ခု၌ တဲဆောက်၊ ကတုတ်ကျင်း တူးနေကြသည်။ ရန်သူကိုတိုက်ဘို့ ပြင်နေကြသည်။ ထိုကာလများအတွင်း တပ်မဟာဌာနချုပ်တွင် (DAB) စစ်ကြောင်းဖွင့်ရန် ဖြစ်သဖြင့် ဗိုလ်ရာဇာ ရခိုင်အဖွဲ့၊ ဗိုလ်အပ်ဒူလာ မွတ်စလင်အဖွဲ့နှင့် ဗိုလ်ထိန်လင်း ကျောင်းသားအဖွဲ့ များကို ပြန်မှာသဖြင့် ပြန်ပို့ရန် စီစဉ်ရသည်။ ဗိုလ်ထိန်လင်း၏ ကျောင်းသားတပ်မတော် တပ်ဖွဲ့ ပြန်လည် မထွက်ခွာမှီ ၄င်းတို့အား လမ်းခရီးတလျောက်စားရန် ရိက္ခာ၊ ဆေးဝါး၊ ငွေ (၅ဝဝ) ကျပ်နှင့် (ဝမ်းခါ) တိုက်ပွဲ၌ မိမိတို့သိမ်းပိုက်ရရှိခဲ့သော လက်နက် အပါအဝင်၊ တပ်မဟာ (၆) (KE) ဖူးရောဘင်ထံမှ မိမိတို့ လုပ်အားဖြင့် ရခဲ့သော (RPG) တစ်လက်ပေါင်း (၁၄) လက် ဒီမိုကရေစီ လက်ဆောင်အဖြစ် ပေးလိုက်သည်။ ခရီးမထွက်မှီ မိမိအား ရှစ်ခိုးဂါရဝပြုကြသည်။ မိမိမှ ဘေးကင်းစေကြောင်း၊ ခလုပ်ကသင်း ကင်းစေကြောင်း၊ ကျန်းမာကြစေကြောင်း၊ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရစေကြောင်း ဆုတောင်းပေးလိုက်သည်။

၎င်းတို့ထွက်ခွာသွားသော် ခရီးရှည်ချီတက်သွားသော မိမိသားများကို လွမ်းဆွတ်သကဲ့သို့ ခံစားမိသည်။

ဗိုလ်ထိန်လင်း၏ ကျောင်းသားအဖွဲ့ရှိ ကိုမျိုးဝင်း ဆိုသူသည် မိမိတို့အဖွဲ့တွင် ဆက်လက်နေလိုသဖြင့် ၄င်းတို့နှင့် ပြန်မလိုက်တော့ဘဲ မိမိတို့အဖွဲ့နှင့် နေခဲ့သည်။

မှတ်ချက်။

နိုင်မျိုးဝင်းသည် မွန်လူငယ်တစ်ဦး၊ ခေတ်ပညာတတ်တစ်ဦး ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးကို မြတ်နိုးသူ ဖြစ်သည်။ ပြည်သူ့အကျိုးဆောင်သူ ဖြစ်သည်။ ပြည်သူလူထု၏ မေတ္တာကို ရရှိသူဖြစ်ပြီး လူထုထောက်ခံမှု ရရှိသူ ဖြစ်သည်။ (တတိယနိုင်ငံရောက်နေသူ ဖြစ်ပြီး တက္ကသိုလ်တစ်ခုတွင် ပညာဆည်းပူးနေသည်)။ (၄င်းနှင့် ပါတ်သက်၍ ကျနော်နှင့် ကျောက်ညှပ် ဆောင်းပါးတွင်ဖေါ်ပြပါမည်)။

(ယွားဟေလူ) စခန်း၌ မိမိတို့တစ်ဖွဲ့သာ ကျန်တော့သဖြင့် လုံခြုံရေး စီမံချက်ကို ပို၍လုပ်ဆောင်ရမည် ဖြစ်သည်။ အုပ်ချုပ်မှု လွယ်ကူစေရန်အတွက် အလယ်စည်းတွင် တာဝန် ယူကြသော (၅)ယောက် တစ်ဖွဲ့ကို ဆက်သွယ်ရေး စကားပြောစက် Icom (2G) များ ထုတ်ပေးသကဲ့သို့ တပ်ရင်း၊ တပ်ခွဲနှင့်ဌာနများသို့ စုစုပေါင်း စကားပြောစက် အလုံး (၃ဝ) ကျော် ဝယ်ယူတတ်ဆင်ပေးထားသည်။ ကမ်းရိုးတမ်း၌ လှုပ်ရှားနေသော တပ်ကြပ်ကြီး တင်ထွန်း တပ်စိတ်အား ဆက်သွယ်ညွန်ကြားရန် အတွက် (Control) စက်ကြီးတစ်လုံး၊ ရန်သူ့ သတင်း ကြားဖြတ်နား ထောင်ရန် (Sony) စက်ကြီးတစ်လုံးကိုပါ ဝယ်ယူထားပြီး ဖြစ်သည်။

ဗိုလ်သွေးအဖွဲ့ မိမိတို့နှင့် ပူးပေါင်းလိုက်သောအခါ တန်ဘိုးကြီးမားသော ရဲဘော်ညီအစ်ကို နှစ်ဦးကို ရလိုက်သည်။ (ကိုမိုး) နှင့် (ကိုနွေ) ဆိုသူနှစ်ဦး ဖြစ်ပြီး မိမိတို့ တပ်ရင်း၏ (နား) များ ဖြစ်သည်။ စကားဝှက်ဖေါ်ရာတွင် အလွန်ကျွမ်းကျင်လှသည်။ တနေ့ ၄င်းတို့အလုပ်တဲသို့ သွား၍ လိုအပ်ချက်များကို စီစဉ်သည်။ တဲသို့ ဝင်သည်နှင့် ဆေးခြောက်နံ့ များဖြင့် ဆီးကြိုသည်။ (ဒညတ) စခန်းမှပါလာသော အမွေကို ဆက်ခံနေခြင်း ဖြစ်မည်။ နိုင်ငံတကာ တပ်မတော်များ၌ အရက်သောက်စားခြင်းကို ခွင့်ပြုထားလင့်ကစား၊ မိမိတို့ တပ်မတော်၌ မူးယစ်သောက်စားခြင်းကို ပိတ်ပင်ထားရာ ပိတ်ပင်ထားသည့်ထဲ၌ အရက် ပါဝင်သည်။ အရက် မသောက်ရန် သောက်ပြီး မမူးရန်၊ ပြသနာမရှာရန်၊ ပြဿနာ အကြီးအသေးအလိုက် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။ အရက်မှ လွဲ၍ ကျန်မူးယစ်ဆေးဝါးများ မသုံးရန် တင်းကြပ်စွာ စည်းကမ်းထုတ်ထားပြီး ဖြစ်သည်။

ရွှေဖျင်းကြီး ရွှေဖျင်းလေး ညီနောင်ဖြစ်သည့် (ကိုမိုး နှင့် ကိုနွေ) တို့အား တပ်မတော်ဥပဒေနှင့် မငြိစွန်းစေရန်နှင့် လွတ်ကင်းစေရန်အတွက် -

“ဒီလို လုပ်ရအောင်ဗျား၊ ဆေးခြောက်အစား အရက်အစားထိုးရင် မရဘူးလား”။ “တပါတ်ကို (စပါးနှံ) ထိုင်းချက်အရက် နှစ်လုံးပေးမယ်၊”

“ရပါတယ်၊ ဒါပေမဲ့ (Feeling) က မတူဘူးဗျ”တဲ့။

ဟုတ်နိုင်ပါသည်၊ (Feeling) ဘယ်လောက်ရှိသည်ကို ၄င်းတို့နှင့်အတူ ရှိနေသော (ကြောင်ထီး) အနက် တစ်ကောင်သည်ပင် အမြဲ (Feel) တက်နေသည်ဟု ထင်ရသည်

အပိုင်း (၁၁)

တပ်ကြပ်ကြီး တင်ထွန်းနှင့် လှုပ်ရှားတပ်စိတ်သည် ကရင်ရွာ၊ ပသျူးရွာ၊ ဘိတ်ရွာများ၌ စည်းရုံးရေး ဆင်းနေကြသည်။ လူထု နှင့် လက်ပွန်းတတီး ရှိနေပြီဖြစ်သည်။ လူထု ထောက်ခံမှုကိုလည်း ရနေသည်။ နယ်မြေ အခြေအနေ၊ ရန်သူ့ အခြေအနေများ သတင်းပို့လျက် ရှိသည်။ တပ်ကြပ်ကြီး တင်ထွန်းသည် အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း နှင့် ရုပ်ရှင်မင်းသားလို လှပသူ ဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေသည်။

ကရင်နှင့် ဘိတ်သူများသည် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ပသျှူများမှာ အစ္စလမ် ဘာသာဝင်များ ဖြစ်သဖြင့် မိမိရဲဘော်များကို သတိပေးရမည် ဖြစ်သည်။ “ဟေ့ကောင်တွေ၊ မင်းတို့ ဝက်နဲ့ အရက် ရှောင်နိုင်ရင်၊ တနေ့ (နမာစ်) ငါးကြိမ် ဖတ်နိုင်ရင် ပသျှူး အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနိုင်တယ်။ ဒါမှမဟုတ်ရင် ဝေးဝေးက ရှောင် ကြဟေ့” ဟု သတိပေး လိုက်သည်။

တနေ့ သတင်းကောင်းတစ်ခု ဝင်လာသည်။ “(ရေငံကြီး) ရန်သူ့စခန်းမှ လက်နက်(၁၅)လက် သိမ်းပိုက်ရရှိကြောင်း” တိုက်ပွဲ ပြင်းပြင်းထန်ထန် မတိုက်ရဘဲ အလွယ်တကူ တိုက်နိုင်ခဲ့ကြောင်း သတင်းဝင်လာသည်။ ချီးကျူးဂုဏ်ပြုကြောင်း၊ အခြေအနေ ပေးလာပါက တပ်ရင်းဌာနချုပ်သို့ ပြန်တက်ခဲ့ရန်နှင့် ဂုဏ်ပြုပွဲ ကျင်းပပေးမည့်အကြောင်း သတင်းပေး လိုက်သည်။

တပ်ရင်းဌာနချုပ် ခံစစ်စီမံချက်လည်း ပြီးသလောက် ရှိနေပါပြီ။ (ကီးဒို) ခံစစ်ကုန်းရှိ ကတုတ်အားလုံးနှင့် မြေအောက်မှ ဆက်သွယ်သွားလာနိုင်သော မြေအောက်ဥမင်လှိုင်ခေါင်း ဆက်တူးရန်သာ ရှိနေသည်။ တူးရာ၌ ဘယ်ဘက် အခြမ်းကို တူးသည့် အဖွဲ့သည် ရန်ကုန်သားများ အပါအဝင် မြစ်ဝကျွန်းပေါ်သားများ ဖြစ်ကြပြီး ညာဘက်ခြမ်း တူးသူများမှာ (ဖါးအံ) (မြပြေ) အရှေ့ပိုးကရင် ရဲဘော်များ ဖြစ်သည်။ အမောပြေစေရန်အတွက် (ကက်ဆက်) နှစ်လုံး စီစဉ်ပေးရသည်။ ဘယ်ဘက် ခြမ်းကို တူးနေသည့် အဖွဲ့သည် စိုင်းထီးဆိုင်၊ မေဆွိ စတီရီယို သီချင်းများကို နှစ်ချိုက်ပြီး ညာဘက်ခြမ်းကို တူးသည့်အဖွဲ့ကို သိန်လှပေါင်နှင့် ကျော်လှသိန် နာမည်ကြီး ပိုးကရင် အဆိုတော်များ၏ သီချင်းများကို စီစဉ်ပေး ရသည်။

(တန်းတူရေးနှင့် အပြန်အလှန်) လေးစားမှုသည် တပ်တွင်းသွေးစည်းညီညွတ်ရေး၏ အသက်သွေးကြော ဖြစ်သည်။ (ရေသောက်မြစ်) ဖြစ်သည်။ မိမိ ဝင်တူးသည်၊ ခေတ်မှီ လေသွင်း၊ လေထုတ်စက် မရှိ၊ ရှိတာနှင့် တူးသည်။ (၁ဝ) မိနစ်သာ နေနိုင်သည်၊ တိုက်ပွဲကာလ ဒဏ်ရာရရဲဘော်များ ကုသရန် မြေအောက် ဆေးရုံဆောက်ရန် တူးကြသည်။ မြေပွ သဖြင့် သစ်သားဒေါင့် မထောက်မှီ မြေပြိုကျသောကြောင့် ရဲဘော်သက်ဇော် ပေါင်ကျိုးသွားသဖြင့် ဆက်လက်မတူးတော့ဘဲ ရပ်ထားလိုက်သည်။

ရေလှောင်ကန်ဆောက်ရန် အင်္ဂတေ ပိုက်ကြီးများ ဝယ်၍ ရေလှောင်ကန်လုပ်သည်။ ထင်းမီးသွေးများ ဖုတ်ခိုင်းသည်။ မီးဖိုများ ဝယ်ထားသည်။ မိမိတို့ တောင်ယာမှ ထွက်သော ကျောက်ဖရုံသီး၊ ရွှေဖရုံသီးးများကို သိုလှောင်ထားသည်။ (စားတတ်တဲ့အပင် အကုန်စိုက်၊ စားတတ်တဲ့ အကောင် အကုန်မွေး) ရန် “မူ” ချမှတ်ထားသည်။ ဆေးဌာန တာဝန်ခံ (Uncle Gyi) သည် (Italian Goat) (ခွေး) များ မွေးထားသည်။ အရေးပေါ် ဟင်းအဖြစ် စားရန်ဖြစ်သည်။

ပွိုင့် (၄၉၁) သည် စီမံချက်အတိုင်း ပြီးလုနေပြီ ဖြစ်သည်။ အသေးစိတ် လိုအပ်ချက်များ စစ်ဆေးရသည်။ လက်နက်မျိုးစုံ ကျည်၊ ရိက္ခာ၊ ဆေးဝါးမှ အစ ပြည့်စုံနေပြီ ဖြစ်သည်။ ရန်သူတက်လာနိုင်သော တောင်ကြော၌ ခြံစည်းရိုးမကာဘဲ (၅) လက်မသံများ စိုက်ထားသော သစ်ပြားများကို ခင်းထားရန်နှင့် ဗုံးကိုသာ ခင်းထားရန် တာဝန်ကျမှ အကြံပြုလာ သဖြင့် သဘောတူလိုက်သည်။ ကောင်းမွန်သောအကြံပြုချက်ဖြစ်သည်။

ရန်သူကို တလ တိတိ ဆွဲတိုက်မယ်၊ ထိုးစစ် အခြေအနေကို ကြည့်ပြီး အလယ်စည်းအဖွဲ့တွေ အပြင်စည်းထွက်ပြီး (ဘုတ်ပြင်း) ကို တိုက်မယ်။ (အိမ်နောက်ပူ အိမ်ရှေ့ မချမ်းသာ) ဆိုသလို ကျင့်သုံးမယ်။ ရန်သူတွေ အဖွဲ့လိုက် လက်နက်ချခိုင်းမယ်။ ဒီကောင်တွေ ရေပြတ်၊ အစားပြတ်ရင် ကြာကြာမခံပါဘူး၊ (သူ့ကို တိုက်ဖို့ စဉ်းစားချိန်မှာ မိမိကိုယ်ကို ကာကွယ်ဘို့) ဘယ်အထိ ပြင်ဆင်ပြီးပြီးလဲဆိုတာ စဉ်းစားရမယ်။ လေးလပတ် အစည်းအဝေးမှာ နောက်ဆုံးပြင်ဆင်မှု အဆင့် ဘယ်အထိပြီးပြီလဲဆိုတာ သိနိုင်ဖို့ အစည်းအဝေး ခေါ်လိုက်သည်။

အလယ်စည်း ပြောက်ကျား (၅) ဖွဲ့ တာဝန်ခံ ဗိုလ်ထူးထူးကို -

“ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ ဗုံးမျိုးစုံ (M-14) (Claymore) (ပို့ယမ်း-Cap) ကောင်း မကောင်း၊ စစ်ဆေးပြီးပြီလား။ စကားပြောစက်သုံး ဓါတ်ခဲ၊ ဝှက်စာက အစ) ကွာ အားလုံး အဆင်သင့် ရှိပြီလား”
“အားလုံးအသင့်ဘဲ”။

နောက် ဆေးအဖွဲ့တာဝန်ခံ (Uncle Gyi) ကို -

“ဆရာ အားလုံး အသင့်ဘဲ မဟုတ်လား”
“အားလုံးအသင့်ဘဲ”။

လက်နက်ကြီးတာဝန်ခံနှင့် ဗုံးတာဝန်ခံ ဗိုလ်ကီးဒိုနှင့် ဗိုလ်ကျော်လှ တို့နှစ်ဦးကို -

“ဘယ်လိုလဲ၊ အားလုံး အသင့်ဘဲ မဟုတ်လား။ ဘာလိုလဲ”

“အားလုံးအသင့်ဘဲ” ဟု လက်နက်ကြီး တာဝန်ခံ ဗိုလ်ကီးဒို မှပြောသော်လည်း ဗုံးတာဝန်ခံ ဗိုလ်ကျော်လှမှ -

“တစ်ခုလိုတယ်ဗျ၊ တိုက်ပွဲကာလ တလ တိတိ ဆိုတော့ ပင်ပန်းမယ်၊ အိပ်ပျက်မယ်၊ ဆေးကောင်း ဝါးကောင်းတွေ ဆောင်ထားဘို့ လိုတယ်”
“ရပါတယ် (Uncle Gyi) ဆီမှာ ဆေးတွေ အပြည့်ဘဲ”
“ဟာ မဟုတ်ဘူးဗျ၊ ကျနော်ဆိုလိုတာ ဒီဆေး မဟုတ်ဘူး၊ ဟိုဆေးလေ”
“-သ -သ ဟိုဆေးဆိုတာလား၊ သိပြီ၊ မပူနဲ့ စီစဉ်ပေးမယ်”

ဗိုလ်ကော်လာမှ “ကျ၊ ကျနော်လဲ ပါတယ်နော်” အထစ်အထစ်နှင့် ဝင်ပြောသည်။
“မပူနဲ့ မင်းတပ်စုအတွက် တင်မကဘူး၊ အားလုံးအတွက် စီစဉ်ဘို့ တပ်ရင်းတပ်ထောက် ဗိုလ်သန်းဝင်းကို စီစဉ် ခိုင်းမယ်”

မှတ်ချက်။
ဟိုဆေး ဆိုတာ အခြားမဟုတ် (အရက်) ကို ဆိုလိုသည်။

စစ်သားဆိုတာ ဘယ်တပ်ကဘဲဖြစ်ဖြစ် သေနတ်ကိုင်ပြီး တဖက်ရန်သူကို အနိုင်တိုက်ဖို့ စိုင်းပြင်းနေကြတာ စိတ်ပုတီးစိတ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်သူတွေ မဟုတ်ဘူး၊ နေ့သေမလား၊ ည သေမလား ဘယ်သူမှ မသိကြဘူး၊ ရှင်သေမင်းကို သစ္စာနှံထားသူတွေ ဖြစ်တယ်၊ (အရက်) လောက်တော့ ခွင့်ပြုသင့်တယ်လို့ ယူဆပါသည်။

အပိုင်း (၁၂)

တစ်နေ့ သတင်းဆိုး တစ်ပုဒ် ဝင်လာသည်။ “ပင်လယ်ပြင်မှ စက်လှေနှင့် ပြန်ဝင်လာသော တပ်ကြပ်ကြီး တင်ထွန်း အဖွဲ့အား ရန်သူမှ တန်ပြန် ခြုံခိုတိုက်ခိုက်သဖြင့် ၄င်းနှင့်အတူ ရဲဘော် (၃) ယောက် ကျဆုံးသွားကြောင်း” ၄င်းအလောင်းအား ကရင် ရွာ၌ မြုပ်သည်ကို ပသျူးရွာသားများက လာရောက် တူးဖေါ်ပြီး ၄င်းတို့ရွာ၌ ပြန်မြုပ်နှံသဖြင့် ကရင်နှင့် ပသျှူးရွာသားများ အကြား မပြေလည်မှု ရှိကြကြောင်း သိရသည်။ (လူထုထောက်ခံမှု အလွန်ရကြောင်း၊ စည်းရုံးရေးကောင်းကြောင်း) သိရ သည်။ မိမိတို့ တပ်ရင်းထောက်ပံ့ရေးအတွက် သစ်ကုမ္ပဏီ နှစ်ခု ရှိသည်။ (စလဝင်း) နှင့် (ကျောက်ဘုရား) ဖြစ်သည်။ ၄င်းသစ် ကုမ္ပဏီ နှစ်ခုအား သစ်များခုတ်ခွင့်ပေးပြီး သစ်အခွန် ယူသည်။ ရန်သူ့ထိုးစစ် တစ်လ ခံစစ်စီမံချက် (၉ဝ) ရာခိုင်နှုန်း ပြီးနေပြီ ဖြစ်သည်။ အတွင်းစည်း၊ အလယ်စည်းနှင့် အပြင်စည်း မှအစ ပြင်ဆင်မှု ပြီးနေပါပြီ။ (ရန်သူကို ကြိုတင် ပြင်ဆင်မှု မရှိဘဲ မတိုက်နှင့်) လူမျိုးစုံနဲ့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု အငယ်လေး မိမိသာ ရန်သူ့ဗျူဟာမှူး ဖြစ်ခဲ့သော် မည်သို့တိုက်မည်ကို သုံးသပ်ပြီး ကျန်လိုအပ်ချက်များကို ပြင်ဆင်သည်။ ရန်သူ လာရောက် နေရာယူပြီး ၁၂ဝ မမ၊ စိန်ပြောင်း (၇၅) မမ နောက်ပွင့်ရိုင်ဖယ်များ ထားနိုင်မည့်နေရာများ၌ မိုင်းခင်းရန် ပြင်သည်။ လာရောက်တိုက်နိုင်သော ရန်သူ့တပ်ရင်းများမှာ ခလရ (၂၂၄) (၂၆၂) (၂၅) (၁ရ) နှင့် (၁ဝ၁) ဖြစ်သည်။ မိမိလက်နက်ငယ် ကျည်ဖွဲ့စည်းပုံ အလက် (၃ဝဝ) ထားပြီး တိုက်ပွဲစဉ်တလျှောက်လုံးအတွက် (MK) နှင့် (M 16) (၅) သောင်းစီ ထားရန်၊ (၈၁) မမ တလက် (၂ဝဝ)၊ (.5) စက်ကြီးအတွက် (၅ဝဝဝ) အရံကျည်များ အဖြစ် ထားရန် စီစဉ်ထားပြီး ဖြစ်သည်။ အလုံးစုံပြင်ဆင်ထားသည်၊ ရုပ်ဝတ္ထုပစ္စည်း ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘာလိုသေးလဲ၊ စဉ်းစားသော် စိတ်ဓါတ်ခိုင်မာဖို့ လိုသည်၊ စိတ်ဓါတ်ခိုင်မာမှ တိုက်စိတ်ခိုင်မာမည်၊ စိတ်ဓါတ်နဲ့ တိုက်စိတ်ခိုင်မာဖို့အတွက် တပ်တွင်း စည်းလုံးညီညွတ်ဖို့ လိုသည်၊ စည်းလုံးညီညွှတ်ဖို့ တန်းတူမှု (Equality) လိုသည်။ တပ်တွင်း တန်းတူမှုများအနက် ဘာသာရေး တန်းတူမှု မတည်ဆောက်နိုင်ရင်လည်း စည်းလုံးညီညွတ်မှု မရနိုင်ဘူး၊ (ဟိုဘာသာကို ဦးစားပေးတယ်၊ ဒီဘာသာကို ဦးစားပေးတယ်) လို့ ဖြစ်နိုင်သည်။ တပ်မှူးရဲ့ ညွှန်ကြားချက်နဲ့ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းကြီး ဆောက်ထားပြီး ဖြစ်သည်။ တပ်တွင်းရှိ ဘာသာစုံ ရဲဘော်များ၏ လုပ်အားဖြင့် ဆောက်ထားခြင်း ဖြစ်သည်။ ခရစ်ယာန်ဘာသာ တစ်ခုထဲကိုဘဲ ဦးစားပေးတယ်လို့ မမြင်စေရန်၊ မဖြစ်စေရန် အတွက် ဗုဒ္ဓဘာသာဝင် ရဲဘော်တွေကို “မင်းတို့ ဘာလိုလဲ” လို့ မေးရာ “လပြည့် လကွယ် တောင်အောက် ဘုန်းကြီးကျောင်းမှာ (ဗွီဒီယို) ပြချင်တယ်၊ ဆန် တစ်လ တစ်အိတ် လှူချင်တယ်” တဲ့။ “ရတယ်” တပ်ရေးဗိုလ်ကြီး စိုင်းမွန်ကို စီစဉ်ပေးရန် ညွှန်ကြားလိုက်သည်။ တဆက်ထဲ မွစ္စလင်ရဲဘော်များကို “မင်းတို့ ဘာလိုလဲ” လို့မေးရာ၊ “ကျနော်တို့က လူလဲနည်းတယ်၊ ရေသုံးတာ များတော့၊ ဗလီ မဆောက်နိုင်ဘူး၊ တောင်ပေါ်ကို ရေမခပ်တင် နိုင်ဘူး၊ တနေ့ (နမာစ်) ငါးကြိမ်ဖတ် ခွင့်ပေးထားတာ လုံလောက်နေပါပြီ၊ တန်းတူမှု အပြည့်ရှိပါတယ်” ဟု အသက်အကြီးဆုံးနှင့် ဝါအရင့်ဆုံး မိုဟာမက် အီစွပ်မှ ပြောလိုက်သည်။ တပ်တွင်း (Equality) (တန်းတူမှု) ကို တည်ဆောက်ထားပြီး ဖြစ်သည်။ ရန်သူထိုးစစ်ဆင်လာရင် တိုက်ဖို့သာ ရှိတော့သည်။ – တပ်တွင်းတန်းတူမှု (Equality) တည်ဆောက်ထားပြီး ဖြစ်သည်။ – တပ်တွင်း ဒီမိုကရေစီကျင့်သုံးမှု တည်ဆောက်ထားပြီး ဖြစ်သည်။ – တပ်တွင်း အပြန်အလှန် လေးစား၊ တန်ဖိုးထားမှု တည်ဆောက်ထားပြီး ဖြစ်သည်။ – ပြည်ထောင်စု အငယ်စားလေးလို သဘောထားတည်ဆောက်ထားပြီး ဖြစ်သည်။ ကိုယ်စွမ်း ရှိသလောက်၊ ဥာဏ်စွမ်း ရှိသလောက် တည်ဆောက်ထားပြီး ဖြစ်သည်။ တစ်နေ့ ဗဟိုစစ်ဦးစီးဌာနချုပ် (ဗိုလ်ချုပ်ကြီး စောဗိုလ်မြ) ထံမှ ကြေးနန်းတစ်စောင် ဝင်လာသည်။ ကြေးနန်းစာပါ အကြောင်း အရာကတော့ – “ဖူးကီးဒိုအား (DAB) စစ်ကြောင်းတွင် တာဝန်ပေးရန်အတွက် စစ်ဦးစီးဌာနချုပ်သို့ အမြန်သတင်းပို့ရန်” ဟူ၍ ဖြစ်သည်။ ထိုသတင်းကြောင့် တပ်တွင်း၌ အတော် (ဂယက်) ရိုက် သွားသည်။ ရဲဘော်တပ်မှူး တပ်သားများ မျက်ရည်မျက်ခွက်နဲ့ လာရောက်တွေ့ကြသည်။ သူတို့လဲ ပြန်လိုက်ကြမည်ဖြစ်ကြောင်း၊ ဘဝတွေ အတူ ပေးဆပ်ခဲ့ကြကြောင်း၊ မိဘမဲ့ ဘဝ ရောက်ရတော့မည် ဖြစ်ကြောင်းလာပြောကြသည်။ သူတို့နဲ့ ခွဲခွာရမည်ကို စိတ်မကောင်းပါ။ သို့သော် “စစ်သားဆိုတာ မိမိကိုယ်ကို မိမိမပိုင်၊ အဖ ကရင်ပြည်က ပိုင်ကြောင်း၊ ပေးအပ်လာသမျှ တာဝန်များကို ထမ်းဆောင်ပါ့မယ်၊ ဘယ်နေရာ၊ ဘယ်အရပ်၊ ဘာတာဝန်ဘဲ ပေးပေး ထမ်းဆောင်ပါ့မယ်လို့ သစ္စာဆိုထားကြတယ်မဟုတ်လား။ နောက်နှစ်ရက်အတွင်း ဗဟိုစစ်ဦးစီးဌာနချုပ်သို့ သတင်းပို့ရန် ရဲဘော်အချို့နှင့် ချီတက်သွားကြပါပြီ။ (ယွားလေ) လူတိုက်ပွဲ၌ ကျဆုံးသွားလေပြီးသော အာဇာနည်ရဲဘော်အပေါင်းအား ဦးညွတ်လျှက်။ စာပေသစ္စာဖြင့် – (ဖူးကီးဒို) (မန်းရောဘတ်ဘဇန်) ဒီဇင်ဘာလ (၁၅)ရက်၊၂ဝဝ၉။ မှတ်ချက်။ (ယွာဟေလူ) တိုက်ပွဲကို မိမိသတ်မှတ်ချက် တစ်လ တိတိ တိုက်မည်ဟု သတ်မှတ်ထားသော်လည်း (4၅) ရက် တိုင် တိုက်နိုင်ခဲ့သည်။ ကျည်ကုန်သွားခြင်း၊ နောက်ပိုင်းက ကျည် မစီစဉ်နိုင်ခြင်းကြောင့်သာ ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းခြင်းနှင့် လမ်းတလျှောက်လုံး ပြောက်ကျားပစ်ခံနေရခြင်း တို့ကြောင့် ဗမာပြည် ပြည်တွင်းစစ် သမိုင်းတွင် (ပေါ်တာ) ကို ရဟတ်ယဉ်နှင့် သယ်ယူပို့ဆောင်ပေးရခြင်းမှာဤ (ယွားဟေလူ) တိုက်ပွဲတပွဲသာ ဖြစ်ခဲ့သည်ဟု သမိုင်းတွင်ခဲ့သည်။ ခလရ (၂၂၄) တပ်ရင်း ဖွဲ့စည်းပုံပျက်သွားသည် ဟု နောက်ပိုင်း မိမိရဲဘော်များ ပြောပြချက်အရ သိရသည်။

အပိုင်း (၁၁)

ဆောင်းပါးရှင် – ဖထီး မန်းရောဘဇန်

အပိုင်း (၁၀) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

တပ်ကြပ်ကြီး တင်ထွန်းနှင့် လှုပ်ရှားတပ်စိတ်သည် ကရင်ရွာ၊ ပသျူးရွာ၊ ဘိတ်ရွာများ၌ စည်းရုံးရေး ဆင်းနေကြသည်။ လူထု နှင့် လက်ပွန်းတတီး ရှိနေပြီဖြစ်သည်။ လူထု ထောက်ခံမှုကိုလည်း ရနေသည်။ နယ်မြေ အခြေအနေ၊ ရန်သူ့ အခြေအနေများ သတင်းပို့လျက် ရှိသည်။ တပ်ကြပ်ကြီး တင်ထွန်းသည် အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း နှင့် ရုပ်ရှင်မင်းသားလို လှပသူ ဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေသည်။

ကရင်နှင့် ဘိတ်သူများသည် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ပသျှူများမှာ အစ္စလမ် ဘာသာဝင်များ ဖြစ်သဖြင့် မိမိရဲဘော်များကို သတိပေးရမည် ဖြစ်သည်။ “ဟေ့ကောင်တွေ၊ မင်းတို့ ဝက်နဲ့ အရက် ရှောင်နိုင်ရင်၊ တနေ့ (နမာစ်) ငါးကြိမ် ဖတ်နိုင်ရင် ပသျှူး အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနိုင်တယ်။ ဒါမှမဟုတ်ရင် ဝေးဝေးက ရှောင် ကြဟေ့” ဟု သတိပေး လိုက်သည်။

တနေ့ သတင်းကောင်းတစ်ခု ဝင်လာသည်။ “(ရေငံကြီး) ရန်သူ့စခန်းမှ လက်နက်(၁၅)လက် သိမ်းပိုက်ရရှိကြောင်း” တိုက်ပွဲ ပြင်းပြင်းထန်ထန် မတိုက်ရဘဲ အလွယ်တကူ တိုက်နိုင်ခဲ့ကြောင်း သတင်းဝင်လာသည်။ ချီးကျူးဂုဏ်ပြုကြောင်း၊ အခြေအနေ ပေးလာပါက တပ်ရင်းဌာနချုပ်သို့ ပြန်တက်ခဲ့ရန်နှင့် ဂုဏ်ပြုပွဲ ကျင်းပပေးမည့်အကြောင်း သတင်းပေး လိုက်သည်။

တပ်ရင်းဌာနချုပ် ခံစစ်စီမံချက်လည်း ပြီးသလောက် ရှိနေပါပြီ။ (ကီးဒို) ခံစစ်ကုန်းရှိ ကတုတ်အားလုံးနှင့် မြေအောက်မှ ဆက်သွယ်သွားလာနိုင်သော မြေအောက်ဥမင်လှိုင်ခေါင်း ဆက်တူးရန်သာ ရှိနေသည်။ တူးရာ၌ ဘယ်ဘက် အခြမ်းကို တူးသည့် အဖွဲ့သည် ရန်ကုန်သားများ အပါအဝင် မြစ်ဝကျွန်းပေါ်သားများ ဖြစ်ကြပြီး ညာဘက်ခြမ်း တူးသူများမှာ (ဖါးအံ) (မြပြေ) အရှေ့ပိုးကရင် ရဲဘော်များ ဖြစ်သည်။ အမောပြေစေရန်အတွက် (ကက်ဆက်) နှစ်လုံး စီစဉ်ပေးရသည်။ ဘယ်ဘက် ခြမ်းကို တူးနေသည့် အဖွဲ့သည် စိုင်းထီးဆိုင်၊ မေဆွိ စတီရီယို သီချင်းများကို နှစ်ချိုက်ပြီး ညာဘက်ခြမ်းကို တူးသည့်အဖွဲ့ကို သိန်လှပေါင်နှင့် ကျော်လှသိန် နာမည်ကြီး ပိုးကရင် အဆိုတော်များ၏ သီချင်းများကို စီစဉ်ပေး ရသည်။

(တန်းတူရေးနှင့် အပြန်အလှန်) လေးစားမှုသည် တပ်တွင်းသွေးစည်းညီညွတ်ရေး၏ အသက်သွေးကြော ဖြစ်သည်။ (ရေသောက်မြစ်) ဖြစ်သည်။ မိမိ ဝင်တူးသည်၊ ခေတ်မှီ လေသွင်း၊ လေထုတ်စက် မရှိ၊ ရှိတာနှင့် တူးသည်။ (၁ဝ) မိနစ်သာ နေနိုင်သည်၊ တိုက်ပွဲကာလ ဒဏ်ရာရရဲဘော်များ ကုသရန် မြေအောက် ဆေးရုံဆောက်ရန် တူးကြသည်။ မြေပွ သဖြင့် သစ်သားဒေါင့် မထောက်မှီ မြေပြိုကျသောကြောင့် ရဲဘော်သက်ဇော် ပေါင်ကျိုးသွားသဖြင့် ဆက်လက်မတူးတော့ဘဲ ရပ်ထားလိုက်သည်။

ရေလှောင်ကန်ဆောက်ရန် အင်္ဂတေ ပိုက်ကြီးများ ဝယ်၍ ရေလှောင်ကန်လုပ်သည်။ ထင်းမီးသွေးများ ဖုတ်ခိုင်းသည်။ မီးဖိုများ ဝယ်ထားသည်။ မိမိတို့ တောင်ယာမှ ထွက်သော ကျောက်ဖရုံသီး၊ ရွှေဖရုံသီးးများကို သိုလှောင်ထားသည်။ (စားတတ်တဲ့အပင် အကုန်စိုက်၊ စားတတ်တဲ့ အကောင် အကုန်မွေး) ရန် “မူ” ချမှတ်ထားသည်။ ဆေးဌာန တာဝန်ခံ (Uncle Gyi) သည် (Italian Goat) (ခွေး) များ မွေးထားသည်။ အရေးပေါ် ဟင်းအဖြစ် စားရန်ဖြစ်သည်။

ပွိုင့် (၄၉၁) သည် စီမံချက်အတိုင်း ပြီးလုနေပြီ ဖြစ်သည်။ အသေးစိတ် လိုအပ်ချက်များ စစ်ဆေးရသည်။ လက်နက်မျိုးစုံ ကျည်၊ ရိက္ခာ၊ ဆေးဝါးမှ အစ ပြည့်စုံနေပြီ ဖြစ်သည်။ ရန်သူတက်လာနိုင်သော တောင်ကြော၌ ခြံစည်းရိုးမကာဘဲ (၅) လက်မသံများ စိုက်ထားသော သစ်ပြားများကို ခင်းထားရန်နှင့် ဗုံးကိုသာ ခင်းထားရန် တာဝန်ကျမှ အကြံပြုလာ သဖြင့် သဘောတူလိုက်သည်။ ကောင်းမွန်သောအကြံပြုချက်ဖြစ်သည်။

ရန်သူကို တလ တိတိ ဆွဲတိုက်မယ်၊ ထိုးစစ် အခြေအနေကို ကြည့်ပြီး အလယ်စည်းအဖွဲ့တွေ အပြင်စည်းထွက်ပြီး (ဘုတ်ပြင်း) ကို တိုက်မယ်။ (အိမ်နောက်ပူ အိမ်ရှေ့ မချမ်းသာ) ဆိုသလို ကျင့်သုံးမယ်။ ရန်သူတွေ အဖွဲ့လိုက် လက်နက်ချခိုင်းမယ်။ ဒီကောင်တွေ ရေပြတ်၊ အစားပြတ်ရင် ကြာကြာမခံပါဘူး၊ (သူ့ကို တိုက်ဖို့ စဉ်းစားချိန်မှာ မိမိကိုယ်ကို ကာကွယ်ဘို့) ဘယ်အထိ ပြင်ဆင်ပြီးပြီးလဲဆိုတာ စဉ်းစားရမယ်။ လေးလပတ် အစည်းအဝေးမှာ နောက်ဆုံးပြင်ဆင်မှု အဆင့် ဘယ်အထိပြီးပြီလဲဆိုတာ သိနိုင်ဖို့ အစည်းအဝေး ခေါ်လိုက်သည်။

အလယ်စည်း ပြောက်ကျား (၅) ဖွဲ့ တာဝန်ခံ ဗိုလ်ထူးထူးကို -

“ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ ဗုံးမျိုးစုံ (M-14) (Claymore) (ပို့ယမ်း-Cap) ကောင်း မကောင်း၊ စစ်ဆေးပြီးပြီလား။ စကားပြောစက်သုံး ဓါတ်ခဲ၊ ဝှက်စာက အစ) ကွာ အားလုံး အဆင်သင့် ရှိပြီလား”
“အားလုံးအသင့်ဘဲ”။

နောက် ဆေးအဖွဲ့တာဝန်ခံ (Uncle Gyi) ကို -

“ဆရာ အားလုံး အသင့်ဘဲ မဟုတ်လား”
“အားလုံးအသင့်ဘဲ”။

လက်နက်ကြီးတာဝန်ခံနှင့် ဗုံးတာဝန်ခံ ဗိုလ်ကီးဒိုနှင့် ဗိုလ်ကျော်လှ တို့နှစ်ဦးကို -

“ဘယ်လိုလဲ၊ အားလုံး အသင့်ဘဲ မဟုတ်လား။ ဘာလိုလဲ”

“အားလုံးအသင့်ဘဲ” ဟု လက်နက်ကြီး တာဝန်ခံ ဗိုလ်ကီးဒို မှပြောသော်လည်း ဗုံးတာဝန်ခံ ဗိုလ်ကျော်လှမှ -

“တစ်ခုလိုတယ်ဗျ၊ တိုက်ပွဲကာလ တလ တိတိ ဆိုတော့ ပင်ပန်းမယ်၊ အိပ်ပျက်မယ်၊ ဆေးကောင်း ဝါးကောင်းတွေ ဆောင်ထားဘို့ လိုတယ်”
“ရပါတယ် (Uncle Gyi) ဆီမှာ ဆေးတွေ အပြည့်ဘဲ”
“ဟာ မဟုတ်ဘူးဗျ၊ ကျနော်ဆိုလိုတာ ဒီဆေး မဟုတ်ဘူး၊ ဟိုဆေးလေ”
“-သ -သ ဟိုဆေးဆိုတာလား၊ သိပြီ၊ မပူနဲ့ စီစဉ်ပေးမယ်”

ဗိုလ်ကော်လာမှ “ကျ၊ ကျနော်လဲ ပါတယ်နော်” အထစ်အထစ်နှင့် ဝင်ပြောသည်။
“မပူနဲ့ မင်းတပ်စုအတွက် တင်မကဘူး၊ အားလုံးအတွက် စီစဉ်ဘို့ တပ်ရင်းတပ်ထောက် ဗိုလ်သန်းဝင်းကို စီစဉ် ခိုင်းမယ်”

မှတ်ချက်။
ဟိုဆေး ဆိုတာ အခြားမဟုတ် (အရက်) ကို ဆိုလိုသည်။

စစ်သားဆိုတာ ဘယ်တပ်ကဘဲဖြစ်ဖြစ် သေနတ်ကိုင်ပြီး တဖက်ရန်သူကို အနိုင်တိုက်ဖို့ စိုင်းပြင်းနေကြတာ စိတ်ပုတီးစိတ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်သူတွေ မဟုတ်ဘူး၊ နေ့သေမလား၊ ည သေမလား ဘယ်သူမှ မသိကြဘူး၊ ရှင်သေမင်းကို သစ္စာနှံထားသူတွေ ဖြစ်တယ်၊ (အရက်) လောက်တော့ ခွင့်ပြုသင့်တယ်လို့ ယူဆပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s