
နေပြည်တော်စစ်ရင်ပြင်က တိုင်းရင်းသားတွေကို အမြဲချိန်းချောက်ရန်လိုနေတဲ့ နအဖစစ်အစိုးရကိုးကွယ်ရာပဒေသရာဇ်ခေါင်းဆောင် ရုပ်တု
မြန်မာပြည်လိုလူမျိုးစုံ နှစ်ပေါင်းရာထောင် ပူးတွဲနေထိုင်တဲ့နိုင်ငံမှာ လူမျိုးရေးဆိုင်ရာ အားပြိုင်မှုတွေ အပြန်အလှန်နှိမ်နင်းသတ်ဖြတ်မှုတွေမလွဲမသွေဖြစ်ခဲ့ဘူးပါတယ်။ တကယ်တော့ ခုထိလဲဖြစ်နေဆဲလို့ ဆိုရင်မမှားပါဘူး။
ဒီတော့ ပြည်ထောင်စုစစ်စစ်တည်ဆောက်ကြမယ်လို့ အော်နေသူတွေ ဆင်ကျင်ရှောင်ရှားဖို့ သင့်တာက ပြည်ထောင်စုစိတ်ဓါတ်နဲ့ ဆန့် ကျင်နေတဲ့ အမူအကျင့် အတွေးအရေးတွေပါဘဲ။
နေပြည်တော်စစ်ရင်ပြင်မှာ တည်ထားဝါကြွားတဲ့ ဘုရင်တွေဟာ ရှေးတုန်းက ရခိုင်တွေ ရှမ်းတွေ မွန်တွေကို တိုက်ခိုက်ခြေမှုန်း အနိုင်ယူခဲ့ကြတဲ့ ဗမာပဒေသရာဇ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီရုပ်တုတွေကိုထောင်ပြထားတာဟာ ခုလက်ရှိ ရခိုင် ရှမ်းနဲ့ မွန်တွေကို ချိန်းခြောက်မန်ဖီရန်ပြုနေတဲ့သဘောကလွဲပြီး တခြားအဓိပါယ်မရှိပါဘူး။ နအဖက တိုင်းရင်းသားလူမျိုးစုံအပေါ် မာရေကြောရေ နိုင်လှပြီး ပြည်ထောင်စုစိတ်ဓါတ်မရှိကြောင်းကို အထင်အရှားပြသနေတာပါ။
စစ်အစိုးရကိုအတိုက်အခံပြုနေပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီကြီးတွေမှာလဲ ပြည်ထောင်စုစိတ်ဓါတ်မရှိတာကို မကြာခဏတွေ့ ရပါတယ်။ တိုင်းရင်းသားလူမျိုးစုံကို တန်းတူပါတယ် မခွဲခြားပါ ပြည်ထောင်စုသားတွေဘဲဆိုပြီး ကြွေးကျော်နေရက်နဲ့ က နေ့ ထူးနေ့ မြတ်တွေတိုင်းမှာ သခင်မျိုးဟေ့ တို့ှဗမာ ဆိုတာကြီး ကို အားမနာတမ်း အော်ဟစ်ကြလေ့ရှိတယ်။ ကိုယ့်ဘေးမှာအခုရှိနေသူတွေဟာ နယ်ချဲ့ တိုင်းတပါးသားတွေမဟုတ်ဘဲ ကရင်ချင်ရှမ်းချင်းမွန်ရခိုင်ဝ စတဲ့တိုင်းရင်းသားတွေဖြစ်နေတယ်ဆိုတာကို အမှုမထားဘဲခုလိုအော်နေတာတွေဟာ ပြည်ထောင်စုစိတ်ဓါတ်မရှိကြောင်းကိုသာ သက်သေခံနေတာပါ။ ဒါမှမဟုတ် ပြည်ထောင်စုဆိုတာဘာလဲ ဆိုတာကိုတောင်မသိတဲ့သဘောပါ။
ပြည်ထောင်စုစိတ်ဓါတ်ရှိရင် လူမျိုးစုတစုစီကို လူမျိုးတမျိုးစီဖြစ်ကြောင်းနားလည်လက်ခံတတ်ရပါမယ်။ သူတို့ အားလုံးဟာဗမာဘဲလို့အတင်းမလုပ်ပါနဲ့ ။ ဗမာကိုလဲ ဘယ်သူကမှ ရှမ်းလို့ သိမ်းကျုံးခေါ်လို့ မရပါဘူး။ မမှန်ပါဘူး။ ဒါတွေဟာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို အမှန်တကယ်နားလည်သဘောပေါက်သူတွေ အဖို့ ရှင်းပြနေစရာတောင်မလိုဘူး။
ခုလိုပြောနေရတာက စစ်မှန်တဲ့ပြည်ထောင်စုဖွဲ့ ကြမယ်လို့ ဟစ်နေကြတာ အမြဲတွေ့ နေရလို့ အပြောနဲ့ အလုပ် ဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေတာတွေကို သတိထားပြုပြင်နိုင်ကြဖို့ ပါ။ တကယ့်ပြည်ထောင်စုသမားတွေကတော့ ပြင်ကြမှာဖြစ်သလို မပြင်တဲ့လူတွေကတော့ ပြည်ထောင်စုစကားကို နိုင်ငံရေးအမြတ်အစွမ်းတခုခုအတွက် လိမ်သုံးနေကြတာလို့ ထင်ပါတယ်။
(ဒီတင်ပြချက်နဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးကြစေချင်တယ်။ ယဉ်ကျေးတဲ့စကားတွေဘဲသုံးကြပေါ့။ တချို့ ဘလော့တွေမှာတော့ အလွန်ရိုင်းစိုင်းတဲ့ စကားတွေနဲ့ အပြန်အလှန်ဆဲဆိုကြတာကိုတွေ့ ရတယ်။ ကိုယ့်ရဲ့ ရိုင်းစိုင်းမှုဟာကိုယ့်ရဲ့ လူ့ အဆင့်အတန်း ကိုသက်သေခံနေတာပါ။ )
လေးစားလျက်
အဂ္ဂမိုးနင်း
